မြောက်/ဒဂုံက ပျောက်ဆုံးနေတဲ့ Grade – 6 ကျောင်းသားကို ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့

ဇွန် ၁၀ – ၂၀၂၆
SN (VOM)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ပျောက်ဆုံးနေတဲ့ (၁၃) နှစ်အရွယ်၊ Grade – 6 ကျောင်းသားကို ဒီကနေ့ ဇွန် ၁၀ ရက်၊ မနက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူဟာ မြောက်ဒဂုံမြို့နယ်၊ ၃၉/A ရပ်ကွက်မှာ နေထိုင်တဲ့ မောင်မင်းခန့်ဇော် ဆိုသူဖြစ်ကာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ကျောင်းမှပြန်လာပြီးနောက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ နေအိမ်ကနေ ပြန်လည် ထွက်ခွာသွားပြီး ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။
ဒီကနေ့ မနက်မှာတော့ ပျောက်ဆုံးနေသူကို မြောက်ဒဂုံ၊ (၃၈) ရပ်ကွက်၊ အင်ကြင်းလမ်းထဲက မီးသတ်ရေကန်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သူပျောက်တဲ့နေ့က သူငယ်ချင်းအိမ်ကို သွားမယ်ဆိုပြီး ထွက်သွားတာလို့ သူ့အိမ်က ပြောတယ်။ အဲဒီနေ့၊ ညနေပိုင်းက မိုးတွေရွာပြီး မည်းမှောင်နေတာ။ အဲဒီလိုအချိန်မျိုးဆို ရေကန်အနီးတဝိုက်မှာ လူပြတ်တတ်တယ်။ အဲဒါကြောင့် ဘယ်လိုဖြစ်သွားမှန်းလည်း ဘယ်သူမှ မသိလိုက်ကြဘူးပေါ့။ အဲဒီနားမှာ နေတဲ့သူတွေကတော့ မိုးသံတွေကြားထဲမှာ ရန်ဖြစ်နေတဲ့အသံတွေ ကြားရတယ်လို့ ပြောကြတယ်။ သေသေချာချာတော့ သိပ်မသိကြဘူး” လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
သေဆုံးသူဟာ မျက်နှာ ဖောယောင်နေပြီး ဒဏ်ရာတွေလည်း တွေ့ရှိထားတာကြောင့် လက်ရှိမှာ ရုပ်အလောင်းကို စစ်ဆေးဖို့အတွက် မြောက်ဥက္ကလာဆေးရုံကြီးကို ပို့ဆောင်ထားကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမှုမှန်ပေါ်ဖို့ ကြိုးစားပေးနေတယ်လို့ သူက ပြောပါတယ်။
ဒီအခင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ၊ မကာအိုဒေသမှာ ရောက်ရှိနေတဲ့ သေဆုံးသူရဲ့ မိခင်ဖြစ်သူကလည်း ပျောက်ဆုံးနေတဲ့သူမရဲ့သားကို ပြန်တွေ့ပြီဖြစ်ပြီး၊ အသတ်ခံရကာ ရေကန်ထဲ ပစ်ချထားခြင်းခံရတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ခုနှစ်နှစ်အရွယ် ကလေးငယ်နှစ်ယောက်၊ ၎င်းတို့နေထိုင်ရာအနီးက မြေကွက်လပ်တခုက ရေအိုင်မှာ ရေနစ်သေဆုံးသွားတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီကလေးငယ် နှစ်ယောက်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ယောက်ကော်ပန်းခြံအနီး ဆော့ကစားနေရင်း၊ ညနေ ၄ နာရီဝန်းကျင်က ၎င်းတို့မိဘတွေရှိရာ နေအိမ်ကို ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး တညနဲ့ တရက်အကြာမှာတော့ ပျောက်ဆုံး‌နေခဲ့တဲ့ ကလေးငယ်တွေကို ရေဝပ်နေတဲ့နေရာလေးတခုမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တာလို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW