ဇွန် ၁၁၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ နမ့်တောင်းကျေးရွာက ဒေသခံတောင်သူ ၆ ဦးရဲ့ စိုက်ခင်းမြေဧက ၂၀ ခန့်ကို MNDAA တပ်ဖွဲ့က သိမ်းယူထားပြီး တရုတ်လုပ်ငန်းရှင်တဦးကို အသုံးပြုခွင့်ပေးထားကာ နောက်ထပ် ၁၂ နှစ်ကြာ ဆက်လက်အသုံးပြုသွားမယ်လို့ ပြောဆိုထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အဲဒီမြေယာတွေဟာ နဝတလက်ထက် ၂၀၀၆ ခုနှစ်ဝန်းကျင်က ပန်ဆိုင်း (ကြူကုတ်) မြို့ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဦး လက်ထက်မှာ နိုင်ငံတော်စီမံကိန်းအဖြစ် ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ဖို့ဆိုပြီး တောင်သူတွေဆီက သိမ်းယူထားခဲ့တဲ့ မြေယာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီတုန်းက ဓာတ်မြေဩဇာစက်ရုံ လုပ်မယ်ဆိုပြီး သိမ်းသွားတာ။ ဒါပေမယ့် နိုင်ငံတော်ဘက်ကလည်း စက်ရုံမလုပ်ဘူး။ နောက်ပိုင်း မုံးကိုးပြည်သူ့စစ်မှာ ပါဝင်တဲ့ ဦးလောင်းဝ်းဟော့ကို ပေးပြီး နှစ်နှစ်သုံးနှစ်လောက် စိုက်ပျိုးမွေးမြူရေး လုပ်ပြတယ်။ မအောင်မြင်တော့ ပြန်ရပ်သွားတယ်” လို့ ဒေသခံတဦးက VOM ကို ပြောပါတယ်။
အဲဒီနောက်မှာတော့ မြေယာတွေကို ပိုင်ရှင်တောင်သူတွေနဲ့ ဒေသခံတွေက ပြန်လည်စိုက်ပျိုးအသုံးပြုလာခဲ့တာ ၁၀ နှစ်ကျော်ရှိသွားပြီလို့ သိရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ သုံးလခန့်ကစပြီး ယခင်ပြည်သူ့စစ်အဖွဲ့ဝင်တွေက လက်ရှိ MNDAA တပ်ဖွဲ့ဝင်တွေ ဖြစ်လာချိန်မှာ အရင်က လုပ်ပိုင်ခွင့်ပေးထားတဲ့ မြေယာတွေဆိုပြီး စစ်အင်အားအသုံးပြုကာ ပြန်လည်သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သူတို့ မစိုက်ပျိုးဘဲထားတာ နှစ်နှစ်သုံးနှစ်လောက် ကြာတော့ ရွာသားတွေ ပြန်လုပ်စားလာတာ ၁၀ နှစ်ကျော်ပြီ။ အခုကျမှ အရင်က သူတို့ကို ပေးထားတဲ့ မြေဆိုပြီး စစ်သားအင်အားနဲ့ ပြန်သိမ်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ လက်ရှိမှာ MNDAA ဘက်က တရုတ်နိုင်ငံက ကော်ဖီလုပ်ငန်းတခုကို အဲဒီနေရာမှာ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးထားပြီး ကော်ဖီပျိုးပင်တွေ စတင်စိုက်ပျိုးနေပြီဖြစ်တယ်လို့ သိရပါတယ်။
သိမ်းယူခံရတဲ့ ဧရိယာထဲမှာ တောင်သူ ၆ ဦးပိုင် မြေယာ ဧက ၂၀ ခန့်အပြင် နမ့်တောင်းကျေးရွာလူထု အသုံးပြုနေတဲ့ ခဲမြေ၊ ဗွက်မြေနဲ့ ရေအရင်းအမြစ်ဧရိယာ ၁၅ ဧကခန့်လည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီနေရာက ရွာရဲ့ ရေဦးထွက်၊ ရေအရင်းအမြစ် ဖြစ်တယ်။ အဲဒါကြောင့် ရွာလူထုက အဲဒီနေရာကိုတော့ မပေးနိုင်ဘူးလို့ ပြောထားတယ်။ အခုလည်း ဆက်ပြီး စောင့်ကြည့်နေရတုန်းပဲ” လို့ ဒေသခံတဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ MNDAA ရုံးမှာ ဒေသခံတွေက တာဝန်ရှိသူတွေနဲ့ သွားရောက်ညှိနှိုင်းဆွေးနွေးခဲ့ရာမှာ MNDAA ဘက်က အဆိုပါမြေယာတွေကို နောက်ထပ် ၁၂ နှစ်ခန့် ဆက်လက်အသုံးပြုဦးမယ်ဖြစ်ပြီး အဲဒီနောက်မှသာ ဒေသခံတွေကို ပြန်လည်ပေးအပ်မယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မြေယာတွေထဲမှာ စိုက်ပျိုးထားတဲ့ ကြံခင်းတွေကို မြေတူးစက်တွေနဲ့ ထိုးကော်ဖျက်ဆီးခဲ့သလို မေလ ၁၉ ရက်နေ့မှာလည်း ထပ်မံဖျက်ဆီးခဲ့ကြောင်း၊ ခြံသွားလမ်းတွေကို ပိတ်ထားပြီး ပိုင်ရှင်တွေကို စိုက်ပျိုးခွင့်မပြုဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
