သူတို့အိမ် အခန်း (၁၆၈)

ဆူးငှက်

စာအကြောင်း ပေအကြောင်း ပန်းချီအကြောင်း
————————————————-

ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ်က နွေဒေသ စာအုပ်ဆိုင်က ရွှေဒေသ ဟု အမည်ပြောင်းလဲခဲ့သည်။ ကျွန်တော်က နေ့စဉ်နီးပါး ရောက်ဖြစ်နေ၏။ မနက်ခင်းမှာ ဆရာအုန်းမြင့်လှိုင်တို့ မိသားစုလည်း ရောက်လာတတ်သည်။ ဆရာအုန်းက လက်ဖက်ရည် ဖန်ကျကျတစ်ခွက်နှင့် ကြက်ဥ အုမ္မလက်ကို စားတတ်သည်။ ခဏနေလျှင် ကဗျာဆရာမ မစိမ်းပင် က စက်ဘီးနှင့် ရောက်လာသည်။ ဆရာအုန်းနှင့် မစိမ်းပင် တွေ့လျှင် စာအကြောင်း ပေအကြောင်းထက် လက်ရွေးစင် ကျမ်းများထဲက အချက်အလက်များကို ဆွေးနွေးပြောဆို ငြင်းခုန်တတ်သည်။ ငြင်းခုန်ရင်း ရွှေဒေသ၏ စာအုပ်စင်ပေါ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသည့် လက်ရွေးစင်ကျမ်းကို ယူကာ အဖြေမှန်ရှာတတ်သည်။ ရွှေဒေသတွင် ကိုထိန်လင်း(လင်းသူ) က ရန်ကုန်ရှိ ပန်းချီကိုလှမိုးကို ခေါ်လာကာ ဆိုင်ထိုင်ခိုင်းတော့ ကျွန်တော်လည်း ကိုလှမိုးနှင့် စကားပြောဖော်ရသွားသည်။ ကိုလှမိုးက ရန်ကုန် ပန်းချီပန်းပုကျောင်းဆင်း ဖြစ်ပြီး ပန်းချီဆရာကြီးဦးရှိန်ထွန်း၏ တပည့်လည်း ဖြစ်၏။

ထိုအချိန်တွင် မဟာမုနိဘုရားကြီးက ဘုရားသမိုင်းကို ရန်ကုန်မန္တလေး အပါအဝင် အခြားမြို့များက ပန်းချီဆရာကြီးများ၏ လက်ရာများဖြင့် ရေးဆွဲပူဇော်ခဲ့သည်။ ကျွန်တော်က အားအားရှိတိုင်း ဘုရားကြီးသို့ သွားပြီး အရှေ့မုခ် အာရုံခံ ဇရပ် မြောက်ဘက် ပြတိုက်ဆောင်ထဲက ထိုပန်းချီကားကြီးများကို ငေးမောလေ့ရှိသည်။ ကျွန်တော်က ဆရာဦးရှိန်ထွန်း၏ မဟာမုနိသမိုင်း ပန်းချီကားကို သဘောကျသောကြောင့် တစိမ့်စိမ့် ကြည့်သည်။

ဘုရားကြီး ဂဋကုဋိကျောင်းတော်ကြီး၏ ခမ်းနားမှု တိုင်လုံးကြီးများက ကျောက်စိမ်းကွက်များ၏ အလင်းပြန်နေမှု လာရောက် ဖူးမြော်သော ရှင်ဘုရင်၏ မင်းခမ်းမင်းနားနှင့် ကျောင်းတော်ကြီး အပြင်မှ ဝန်းရံထားသော ဘုရင့်တပ်တော် အခင်းအကျင်းတို့ အထားအသိုကို သဘောကျခြင်း ဖြစ်သည်။ ကျွန်တော်နှင့် ပန်းချီကိုလှမိုးတို့ စကားဝိုင်းမှာ မဟာမုနိဘုရားသမိုင်း ပန်းချီကားများ အကြောင်းနှင့်ပင် ပြောမကုန်တော့။

 

ဘကြီးမှိုင်းပုံတူနှင့် မော်ဒန်ပန်းချီဆိုင်းဘုတ်
————————————————-

ထို့နောက် ကျွန်တော်က ကိုလှမိုးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပုံတူ ပန်းချီကား တစ်ချပ် အပ်နှံသည်။ ဆရာကြီး၏ မျက်နှာပိုင်း ပေါ့ထရိတ်အပြည့်ပုံ ဖြစ်သည်။ ကိုလှမိုးက ဆရာကြီးပုံကို ဟင်္သပဒါးရောင် အညိုခပ်မှိုင်းမှိုင်း အခြေခံကာ ခပ်ငြိမ်ငြိမ် တည်တည်တံ့တံ့ ရောင်စပ်များဖြင့် ရေးဆွဲပေးသည်။ ကျွန်တော်က ထိုပန်းချီကားကို သဘောကျသည်။ ထို့ကြောင့် အိမ်မှာ ကျွန်းသား ၂ထပ်ဘောင်ဖြင့် ချိတ်ဆွဲထားသည်။ ထို့နောက် ကျွန်တော်က ကိုလှမိုးကို စာအုပ်ဆိုင် အမည်ဆိုင်းဘုတ်လည်း အပ်နှံသည်။ ကျွန်တော့်စာအုပ်ဆိုင်နံမည်က ၁ပေခွဲ ပတ်လည် ပလပ်စတစ်ပြား မီးပုံးနီလေးမှာပဲ ပါသည်။ ဒါလည်း ပန်းဝိုင်းဒီဇိုင်းထဲက အောင်ရတနာစာပေ စာလုံးက အနားကပ်မှ မြင်ရသည်။ ထို့ကြောင့် အောင်ရတနာစာပေဆိုတာ နံမည်စာလုံးထက် အဖြူနှင့် အနီရဲစပ်ထားသည့် မီးပုံးလေးပဲ အမှတ်သညာပြုရသည်။

ကိုလှမိုးကို ဆိုင်နံမည်နှင့် ဆိုင်းဘုတ် အပ်တာက သစ်သားဘောင်တွင် ဇင်ဖြူစ ကျက်ထားသော ၁၀ပေ × ၆ပေ အရွယ်ဖြစ်သည်။ ထို ကင်းဗတ်တွင် အောက်ခံကို စာအုပ် ကလောင်တံ နှင့် ဉာဏ်အမှတ်အသား အလင်းရောင် အမှိန် အဖျော့ အတောက်အပများကို ဒြပ်မဲ့ဆန်ဆန် ပန်းချီကား ရေးဆွဲစေသည်။ ထိုပန်းချီကားကြီး၏ အောက်ခြေ ညာဘက်ခြမ်းမှာမှ “အောင်ရတနာစာပေ” ဟူသော စာလုံးကို ၃မြှောင့် ပုံစံ အဖြူရောင်နှင့်ပဲ ရေးစေသည်။ ၁၀ပေ×၆ပေ အရွယ် ပန်းချီကားကြီး၏ အမှောင်ပိုင်း အောက်ခြေမှာ ၈လက်မထုသာသာ အဖြူရောင် စာလုံးများ။ ထိုဆိုင်းဘုတ်ကြီးကို တိုက်၏ အပေါ်ထပ် ဝရံတာမှာ ချိတ်ဆွဲလိုက်သည်။ စာအုပ်ဆိုင် ဖွင့်တာ ၃နှစ်လောက်ကြာမှ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ ဖြစ်သည်။ ထိုစဉ်ကာလက စာအုပ်ဆိုင်၏ ရွှေရောင် နေ့ရက်များ ဖြစ်ခဲ့၏။ သို့သော် တိုင်းရေးပြည်ရာက မအေးလှပေ။

 

တိုက်ပုံနှင့် ရှူးဖိနပ်ဒီဇိုင်း
—————————-

မှတ်မှတ်ရရ အရှေ့ကျုံးထိပ်က နေကြာခန်းမတွင် တိုင်းအဆင့် ပါတီအစည်းအဝေးကျင်းပသည်။ ထိုအစည်းအဝေးသို့ ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး တက်ရောက်ခဲ့သည်။ တွဲဖက်အထွေထွေအတွင်းရေးမှူးက မန္တလေးနှင့် မစိမ်းလှပေ။ နန်းတွင်းတွင် ရုံးတည်သော အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ကို ၁၉၇၂ခုနှစ်က တာဝန်ယးခဲ့သူ ဖြဟ်သည်။ ထို့ကြောင့် ယခုကျင်းပသည့် ပါတီအစည်းအဝေးတွင် လုပ်ဖော် ကိုင်ဖက်ဟောင်းများနှင့် ရင်းရင်းနှီးနှီးပြန်လည် တွေ့ဆုံကြပုံရသည်။ အစည်းအဝေး ကျင်းပနေစဉ်အတွင်း မြို့နယ်ပါတီယူနစ်က အလုပ်ရုံသို့ ရှူးဖိနပ်ကျွမ်းကျင်သူ တစ်ဦး နေကြာခန်းမသို့ အမြန်လာရန် ဆင့်ခေါ်သည်။

အကြောင်းအရာ မယ်မယ်ရရမသိသော်လည်း အသင်း၏ အတွင်းရေးမှူးကိုယ်တိုင်က ရှူးဖိနပ် ကျွမ်းကျင် သူမို့ တပည့်တစ်ယောက်နှင့် လိုက်သွားရသည်။ အကြောင်းမှာ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအဆင့် ဧည့်သည်တော်များအတွက် ရှူးဖိနပ်များ ချုပ်လုပ်ပေးရန် ခြေတိုင်း ယူစေခြင်း ဖြစ်သည်။ နောက်ရက်ရောက်တော့ ကျန် မြို့နယ် ဥက္ကဋ္ဌအဆင့် ကိုယ်စားလှယ်များကလည်း အလုပ်ရုံသို့ မာဇဒါ ကားပြာလေး များနှင့် ကိုယ်စီရောက်လာကြပြီး ဖိနပ်ကောင်တာမှာ ခြေတိုင်းလာပေးကြတော့သည်။ ထိုစဉ်ကာလ တွဲဖက် အထွေထွေ အတွင်းရေးမှူးက သြဇာလည်း ထက်နေ၏။ သူ့ဒီဇိုင်းက အရပ်ဖက်ရောက်သော်လည်း အပေါ်က တိုက်ပုံအင်္ကျီနှင့် ပုဆိုးနှင့်ပေမယ့် အောက်က ခြေအိတ်နှင့် ရှူးဖိနပ်စီးသည့် ဒီဇိုင်း ဖြစ်သည်။ ထို့ကြောင့် ကျန် ကိုယ်စားလှယ်များကလည်း ခေါင်းဆောင်ကြီးအတိုင်း ရှူးဖိနပ်ကိုယ်စီ စီးကြသည်ပေါ့။

သူတို့ရှူးဖိနပ် စီးသည်က အရေးမကြီး။ အရေးကြီးတာက ရှူးဖိနပ်ဖိုးတွေကို ဘယ်သူ့ထံ တောင်းရမလဲ ဆိုသည့် ပြဿနာ ဖြစ်သည်။ ဗဟိုအဆင့်နှင့် မြို့နယ်ဥက္ကဋ္ဌ အဆင့်များအတွက် ရှူးဖိနပ်က အရံ ၃၀ကျော်ရှိသည်။ သည်တန်ဖိုးက ထိုကာလဈေးနှင့် ၁သောင်းနီးပါးရှိသည်။ ထိုတန်ဖိုးကို ဘောက်ချာဖွင့်ပြီး မြို့နယ်ပါတီယူနစ်သို့ တင်ရမလား၊ ဒါမှမဟုတ် ဒေသပါတီရုံးတင်ရမလား မဝေခွဲနိုင်။ အတင်မတတ်လျှင် မသိတတ်ကောင်းလား ဆိုကာ မျက်မှန်တော်ရှမှာ စိုးရ သေးသည်။ အကယ်၍ ဘောက်ချာမဖြတ်လျှင်လည်း ကုန်ချောစာရင်းနှင့် အရောင်းစာရင်း ကိုက်မှာမဟုတ်။ နှစ်ချုပ် စာရင်းတွင် စာရင်းစစ်နှင့် အတော်ရှင်းရမည်။ သည်တော့ ကော်မီတီ အစည်းအဝေးထိုင်ပြီး အခြေခံ အလုပ်သမား အစည်းအရုံးသက်သာဆိုင်သို့ ထိုရှူးဖိနပ်များတန်ဖိုး ဘောက်ချာတင်။ ကျသင့်ငွေကို သက်သာဆိုင်က အသင်းသို့ရှင်းပေး။ သက်သာဆိုင်က ရှူးဖိနပ်များတန်ဖိုး စိုက်ထုတ်ပေါ့။ ဤနည်းဖြင့် ရှူးဖိနပ်အရံ ၃၀ကျော် လက်ဆောင် ပေးရတော့သည်။ သက်သာစာရင်းက အသင်းတွင်း စာရင်းစစ်နှင့်မို့ ပြဿနာမရှိ၊ သက်သာကော်မီတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ရသည်။

 

အချိန်အခါနှင့် လျော်ညီစွာ ပြောင်းသင့်တာကို ပြောင်းရပါမယ်
————————————————————-

ပါတီကိုယ်စားလှယ်တော်ကြီးများ ရှူးဖိနပ်ကိုယ်စီနှင့် ဖိနပ်ပေါက်သူပေါက် ဖြစ်နေချိန် တိုင်းပြည်စီးပွားရေးက ကျဆင်းလာတာ မထိန်းနိုင်တော့။ အုပ်ချုပ်မှု ယန္တယားလည်း ဟန်ချက် ပျက်နေပေပြီ။ ပြည်ပ သတင်းဌာနများကလည်း အစိုရနှင့် ပြည်တွင်းက ဖုံးဖိထားသည့် သတင်းတွေကို ထုတ်ဖော် ဝေဖန်လာကြသည်။ ၁၉၈၅ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် လူထုလှုပ်ရှားမှုဖြစ်ပွားပြီး စစ်အာဏာရှင့် ‘မားကိုစ့်’ ပြုတ်ကျ သွားသဖြင့် မြန်မာနိုင်ငံအတွင်း ဂယက်ရိုက်ခတ်ခဲ့သည်။ ၁၉၈၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ LDC အဖြစ် စာရင်းသွင်းခကြောင်း နိုင်ငံခြား သတင်းဌာနများမှ တဆင့် မြန်မာတစ်နိုင်ငံလုံးမှ သိရသောအခါ နာကျည်းခဲ့ ကြသည်။ ၁၉၈၇ခု ဇူလိုင်လ ၂၁ရက်တွင် တော်လှန်ရေးကောင်စီ နှင့် တပ်မတော်တွင်လည်း အရေးပါခဲ့သူ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက ဦးနေဝင်းထံ ပေးစာ ဟူသော စာတမ်းတစ်စောင် ထွက်လာသောအခါ တစ်ပြည်လုံး လှုပ်ခတ်သွားတော့၏။ ၁၉၆၂ခုနှစ်ကတည်းက လျှို့ဝှက်လွန်းသည့် အစိုးရ၏ အရေးကြီးသည့် အခြေအနေ အဖြစ်အပျက်များကို ဖွင့်ချခဲ့ သောကြောင့် ဖြစ်သည်။ ထိုစာတမ်းမှာ တမုဟုတ်ချင်း လူထုအကြားပျံ့နှံ့ သွားတော့၏။

အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့်အတူ ဗိုလ်မှူးချုပ် အောင်ကြီးလည်း ဦးဆောင် ပါဝင်ခဲ့ကြသော တော်လှန်ရေးကောင်စီတက်စက ကမ္ဘာကျော်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂကို ဖောက်ခွဲ ဖြိုဖျက်မှုနှင့် ကျောင်းသားအများအပြား သေဆုံးမှု ဖြစ်စဉ်များကို ထိုစာတမ်းတွင် ဖော်ပြပါရှိခဲ့ရာ ဂယက်ထခဲ့တော့သည်။ ထိုအခါ ဦးနေဝင်းလည်း မနေသာတော့ပေ။ ထို့ကြောင့် ၁၉၈၇ခု သြဂုတ်လ ၁၀ ရက်နေ့တွင် ပါတီဥက္ကဋ္ဌ ဦးနေဝင်းက တိုင်းပြည်သို့ ရေဒီယိုမိန့်ခွန်းပြောကြား ဖြေရှင်းရတော့သည်။ ရှင်းပါမှ ပိုရှုပ်ဆိုသလို တရားခံ မပေါ်ဘဲ မရှိတော့သူများကို လွှဲချ အပြစ်ဖို့သကဲ့သို့ ဖြစ်နေ၏။ သို့သော် သူတို့အချင်းချင်း အကြေးလှန်ကြတာက သေချာသည်။ ထိုရေဒီယို မိန့်ခွန်းမှာပင် ဦးနေဝင်းက “အချိန်အခါနှင့် လျော်ညီစွာ ပြောင်းသင့်တာကို ပြောင်းရပါမယ်” ဟုပြောဆို ဝန်ခံလာပါပြီ။

ဆက်တိုက်ဆိုသလိုပင် ၁၉၈၇ခု စက်တင်ဘာလ ၁ရက်နေ့တွင် အစိုးရက ၁၉၆၆ ခုနှစ်ကတည်းက လက်ဝါးကြီးအုပ် ထားခဲ့သော ဆန်စပါးနှင့် ဆန်ထွက် ပစ္စည်းများ ဝယ်ယူ၊ ရောင်းချ၊ သယ်ပို့ခွင့်အား ပုဂ္ဂလိကများသို့ စတင် ခွင့်ပြု လိုက်တော့သည်။ မရှေးမနှောင်း ၁၉၈၇ခု စက်တင်ဘာ ၅ရက်နေ့ နေ့လယ် ၁၁နာရီသတင်းတွင် မြန်မာ့အသံ ရေဒီယိုမှ ၇၅ကျပ်တန်၊ ၃၅ကျပ်တန်နှင့် ၂၅ ကျပ်တန် ငွေစက္ကူများ တရားဝင် သုံးစွဲခွင့်အား ရပ်ဆိုင်းလိုက်ကြောင်း ကြေငြာ လိုက်တော့၏။ ထို့ကြောင့် တစ်နိုင်ငံလုံး၏ လည်ပတ်ငွေ ၈၀ ရာခိုင်နှုန်းမှာ ရပ်ဆိုင်းသွားတော့သည်။

ထိုနေ့ည မှာပင် ငွေစက္ကူများ တရားမဝင် ဖျက်သိမ်းကြောင်း ကြေငြာချက်အား မကျေနပ်၍ ရန်ကုန်စက်မှု တက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြကြရာ လှည်းတန်းလမ်းဆုံ တွင်လည်း အုံကြွမှုဖြစ်သည်။ တစ်ဆက်တည်းပင် ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီ ရုံးအား ဒေါသဖြစ်နေသော လူထုက ဖျက်စီးပစ်ခဲ့ကြသည်။ ထိုနေ့ည ၈နာရီတွင် စာမေးပွဲ ဖြေဆိုနေဆဲဖြစ်သော တက္ကသိုလ်များအား ၆-၉-၁၉၈၇ နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြန်မာ့အသံမှ ကြေငြာ လိုက်သည်။ ထိုကျောင်းများကို ၂၆-၁၀-၁၉၈၇ နေ့တွင် ပြန်ဖွင့်ကာ စာမေးပွဲဆက်ဖြေခိုင်းပြီး ပိတ်လိုက်တော့သည်။ မှတ်မှတ်ရရ ၁၉၈၇ ခု၊ စက်တင်ဘာလ ၂၂ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်မှ ၄၅ကျပ်တန်နှင့် ၉၀ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်များ စတင်ထုတ်ဝေပြန်၏။

 

ဆူးငှက်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW