သူတို့အိမ် အခန်း (၂၀၇)

 

ပြွန်တစ်လုံး အရှေ့ဘက်မှာ
——————————
“ဟာ.. ခင်ခင်အောင်” တဲ့။ စက်ဘီးစီးလာသူကလည်း သူ့နံမည် ခေါ်သံကြားမှ ရုတ်ခနဲ လှည့်ကြည့်ပြီး “ ဟာ.. ဦးသန်းဦး၊ ဘယ်လာကြတာလဲ” တဲ့။ စက်ဘီးစီးလာသူက ဖြေရင်း ပြောရင်း ထီးတစ်ဖက်နှင့် စက်ဘီးပေါ်က ဆင်းသည်။ ကိုသန်းဦးကလည်း ဆိုင်ကယ်ရပ်သည်။ “နင်က ရုံးသွားတာလား၊ နင်တို့ အိမ်က ဘယ်နားမှာလဲ” ဟု မေးသည်။ “ဦးသန်းဦးကလည်း ကျွန်တော်တို့ အိမ်က ဒီအရှေ့နားတင်လေ၊ မဝေးဘူး၊ ပြွန်တစ်လုံးနားမှာ၊ ဦးသန်းဦးက ဒီဘက်ဘာလာ ရှာတာလဲ” ဆိုတော့ ကိုသန်းဦးက “ဒါက ဒို့အစ်ကိုပဲ ဆိုပါတော့၊ မြေကလေး အိမ်ကလေးရှာနေတာ၊ ဒီဘက်မှာများ အဆင်ပြေမလားလို့ လာကြည့်ကြတာ” ဟုပြောလိုက်သည်။

 

 

ထိုအခါ အမျိုးသမီးက “ကျွန်တော်တို့ဘက် ကြည့်ပါလား၊ မြေရောင်းစရာတွေ အများကြီးရယ်၊ ကျွန်တော်တို့တောင် အောင်တော်မူဘက်ကနေ ဒီဘက်ပြောင်းလာတာ မကြာသေးဘူး၊ ကြည့်မလား၊ မဝေးဘူး၊ ကျွန်တော် ပြန်လှည့် ပြမယ်လေ ဟုဆိုတော့ ကိုသန်းဦးက ကျွန်တော့်ဖက်လှည့်ပြီး ဘယ့်နှယ်လဲဟူ၍ ကြည့်၏။ ကျွန်တော်က ခေါင်းညိတ်အပြတွင် “အေး.. ကြည့်မယ်လေ၊ နင်ရုံးတက်တာ နောက်တော့ မကျပါဘူးနော်” ဟု ကိုသန်းဦးကပြောတော့ အမျိုးသမီးက “ဟာ ဦးသန်းဦးကလည်း ရုံးအကြောင်းသိသားနဲ့၊ လာပါ အချိန်ရတယ်၊ ကျွန်တော့နောက်က လိုက်ခဲ့ ”ဟုပြောကာ စက်ဘီးကို ပြန်လှည့်ပြီး သူလာလမ်းအတိုင်း ရှေ့ကသွားနှင့်၏။

 

 

စက်ဘီးလေးနောက် ခပ်ဖြည်းဖြည်း လိုက်ကြတော့ ပြွန်တစ်လုံးရေတံခါးသို့ ရောက်သည်။ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ရေနီမြောင်းမှရေက ရေစစ်ကန်မြောင်းထဲကျသံက ရေတံခွန်အလား ဝေါဝေါမြည်နေ၏။ ထိုအနားမှာပဲ တစ်နှစ်တင်က ဖောက်လုပ်ထားသော မြိုကပတ်ရထားလမ်းရှိသည်။ ထိုရထားမရှိခင် နှစ်၂၀ ဝန်းကျင် ၁၉၇၅ခုလောက်က ရထားလမ်းဖောက်မည့် တာခုံပေါ် စိန်ပန်းပင်လေးအောက်မှာ ကျွန်တော် ရည်းစားနှင့် ထိုင်ဖူးခဲ့သည်။ ၈တန်းကတည်းက သူနှင့် ကျွန်တော် ကွဲသွားကြပြီး ၁၀တန်းရောက်မှ အမှတ်မထင်ပြန်တွေ့ကာ ဘာရယ်မသိ စိတ်ကစားစွာ ရည်းစားရယ်လို့ ဖြစ်ကြသောအခါ သည်နေရာလေးမှာ ထိုင်ဖူးကြသည်လေ၊ အဲ့သည်တုန်းကလည်း ပြွန်တစ်လုံးရေပြွန်က ရေတွေ တဝေါဝေါ ဆင်းလို့ပါပဲ။ သည်တုန်းက ထိုင်နေသည့် စိန်ပန်းပင်လေး ရှေ့တူရူ မြောင်းတစ်ဖက်ကမ်းမှာ လယ်ကွင်းနှင့် ခြုံတောတွေပဲရှိသည်။ ထိုခြုံတောများ အလွန်မှာမှ တောလမ်းလေးရှိမှာပေါ့။

 

 

ဆင်လမ်းမ၊ သီးကိုးပင်
—————————-
ထိုတောလမ်းလေးက ဟိုရှေးတုန်းကတော့ ဆင်လမ်းမတဲ့။ ဆင်ရွာကြီးမှာ စတည်းချလေ့ကျင့်သည့် ဘုရင့်ဆင်တော်တွေ လမ်းလျှောက်လေ့ကျင့်ရာ အောင်ပင်လယ်သို့ ဘုရင်ထွက်တော်မူလျှင် ဆင်တပ်အခင်းအကျင်းတို့ လိုက်ပါရာ လမ်းဖြစ်ခဲ့ဖူးသတဲ့။ နောက်တော့ သည်နားချုပ်စပ်ရွာတို့ အသုံးပြုသည့် သီးကိုးပင် သုဿန်သွားရာ မထင်မရှာ လမ်းဖြစ်ခဲ့၏။ အခုတော့ ပြန်တစ်လုံးအနီး ရေနီမြောင်း ဝဲယာမှာ ခြံဝင်းအိမ်ရာတို့ ဖြစ်ကုန်ပေါ့။ ရှေ့က စက်ဘီးလေးက ရေနီမြောင်း ပြွန်တစ်လုံးတံတားကို ကျော်သည်။ မြေလမ်းလေးအတိုင်း ဗေဒါတွေ ပြည့်နေသည့် ပန်းတင်မြောင်းကို ကျော်သည်။ ဝဲယာမှာ ထုထရံကပ် ခြံဝင်းကျယ်ကြီးတွေဖြတ်ပြီး စောစောကပြောသည့် ဆင်လမ်းမဟုခေါ်သည့် ခပ်ကျဉ်းကျဉ်း မြေလမ်းလေးရောက်တော့ တောင်သို့ချိုးလို့ သူ့နောက်လိုက်ရသည်။ အုန်းပင်တွေနှင့် ခြံကျယ်ကြီးတွေ ကြားက တောင်ဘက်ဆီမှာ ဝင်းသစ်လေးတွေတွေ့ရပြီး လမ်းအတိုင်း တောင်ဘက်တကြောမှာတော့ ပိတ်စွယ်ရိုင်းနှင့် ကိုင်းတောကြီးက မညီမညာ ရိတ်ထားသည့် ဆံပင်များ ပေါက်ခါစလို ရေအိုင်စပ်စပ်တွေကြား ဟိုတစ်စုသည်တစ်စု တွေ့နေရ၏။

 

 

စက်ဘီးလေးက သစ်ပင်လေးတွေ စိမ်းစိုနေသည့် ခြံဝင်းလေးတစ်ဝင်းရှေ့ရပ်ကာ ဘဲလ်လေး ကလင်ကလင်ပေးရင်း “ဒေါ်လေး၊ ဒေါ်လေး” ဟု အသံပေးတော့ ပိတ်ထားသည့် သစ်သားဝင်းတံခါးကို ဖွင့်သံကြားရ၏။ ဝင်းထဲမှာ ၃ခန်းပတ်လည်လောက်ရှိမည့် ဒူးထောက်အိမ်လေး ရှိသည်။ သပြေပင် အုန်းပင် ကန္တာရပင်များနှင့် ဝင်းလေးက အုံ့ဆိုင်းကာ နေချင့် စဖွယ် ဖြစ်နေသည်။ ဝင်းလေး တောင်ဘက် ပိတ်စွယ်တောကြားက ကူဘိုတာရေစုပ်စက် တထုန်းထုန်းအသံက တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို အချက်ကျကျ လှုပ်နှိုးနေသည်။ နှောင်းစနွေ၏ လတ်ဆတ်သောလေက ဝှေ့လာ၏။ လမ်းလေး အနောက်ဘက် သရက်ခြံကြီးတွေထဲက တောကြက်တို့၏ အသံသဲ့သဲ့လည်း ကြားရပြန်သည်။ ဟို.. အရှေ့မှာက ရန်ကင်းတောင်က ခပ်ပျပျ။ ကျွန်တော်က ပတ်ဝန်းကျင်ကို အကဲခတ် ခံစားရင်း အသက်ဝဝရှူလိုက်သည်။

 

 

ပြွန်တစ်လုံးအရှေ့ဘက်က ရပ်ကွက်လေး
———————————————-
ကျွန်တော်နှင့် ကိုသန်းဦး ရောက်ရှိနေသည့် နေရာကို မှန်းဆကြည့်တော့ ရေစစ်ကန် အရှေ့ယွန်းယွန်း ရေနီမြောင်း ပြွန်တလုံး ရေတံခါး၏ အရှေ့ဖက်ဆီမှာ ဖြစ်သည်။ ဒါဆိုလျှင် တောင်ဘက်မှာက ယာဉ်ပျံရွာ ရှိမှာပေါ့။ ထို့ပြင် ကျန်းမာရေး ရပ်ကွက် ရှိမှာပေါ့။ ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွားသူက မခင်ခင်အောင်တဲ့။ သူက မန္တလေးစည်ပင်သာယာက ဝန်ထမ်းဖြစ်သည်။ ကိုသန်းဦးနှင့်က ယခင်က တစ်ဌာနထဲတဲ့။ သူက အိမ်ထောင်ကျပြီး မိခင်အပါအဝင် မိသားစုအားလုံး သည်နေရာသို့ ပြောင်းနေကြတာတဲ့။ အခု ဝင်သည့် အိမ်က သည်ရပ်ကွက်မှာ အစောကတည်းကရောက်နေတဲ့ မိသားစုတဲ့။ ဆွေမျိုးရင်းချာ မတော်သော်လည်း ဆွေမျိုးကဲ့သို့ မခြား စောင့်ရှောက်နေတာတဲ့။ အခုအိမ်ဝင်းလေးက လှမ်းကြည့်တော့ အရှေ့ဘက် ပေ၃၀၀လောက်မှာ ခင်ခင်အောင်တို့ ၂ထပ်တိုက်ကို လှမ်းမြင်နေရသည်။ ကြားက လမ်းမှာ ယခင်ရက်များက မိုးရွာထားသောကြောင့် ရေတွေဝင်နေသည်ကို ကူဘိုတာရေစုပ်စက်နှင့် မောင်းကာ လမ်းဘေးက ကိုင်းတောထဲ သွင်းနေသည်။ ထိုမိုးရေများကြောင့် ခင်ခင်အောင်က စက်ဘီးကို ယခုအိမ်ဝင်းထဲ ထားနေရတာတဲ့။

 

 

ခင်ခင်အောင်က ဒေါ်လေး၊ ဒေါ်လေးဟု ခေါ်သံကြောင့် အသက် ၅၀အရွယ် အဒေါ်တစ်ဦးက တံခါးဖွင့်ပေးပြီး “ဟဲ့ မခင်အောင် ဘာမေ့ခဲ့လို့ ပြန်လာတာလဲ” ဟု အမေးတွင် “ မဟုတ်ဘူး ဒေါ်လေး ဒါက ကျွန်တော်တို့ ရုံးက အင်ဂျင်နီယာ ဦးသန်းဦး၊ သူတို့က မြေကွက်လေးတွေ ကြည့်ချင်လို့တဲ့၊ ဒေါ်လေး ကွင်းထဲမှာ အဘရှိတယ်မို့လား၊ ပြပေးလိုက်ပါ ဒေါ်လေး၊ ကျွန်တော်က ရုံးသွားရမှာမို့ပါ၊ ကဲ ဦးသန်းဦး ဒီကဒေါ်လေးက လိုက်ပြပေးလိမ့်မယ်။ ကျွန်တော် ရုံသွားလိုက်တော့မယ်၊ ရုံးမှာ ကျွန်တော်ရှိနေမှာပါ။ လိုတာပြောပါ ဦးသန်းဦး” ဟု ပြော၍ စက်ဘီးလေးနှင့် ပြန်ထွက်သွားသည်။ ကျွန်တော်တို့ကို ဒေါ်လေးဆိုသူက အိမ်ပေါ်ခေါ်ပြီး ထိုင်ခိုင်း၏။ အိမ်ရှေ့မှာ ၁၆နှစ်ရွယ် လူငယ်လေး တစ်ဦးက စက်ဘီးကို ကိုယ်တိုင် ပြင်နေသည်။ ကျောင်းသွားခါနီး စက်ဘီးက တစ်ခုခု အဆင်မပြေလို့ ကိုယ်တိုင် ပြင်နေပုံရသည်။ ကျွန်တော်တို့လည်း အိမ်ရှေ့ ကပြင်လေးက ခုံတွေပေါ်ထိုင်ရင်း အကျိုးအကြောင်း မေးနေဆဲ အိမ်ထဲက အသက် ၁၉နှစ်အရွယ်လောက် မိန်းမပျိုလေး တစ်ယောက်လည်း ထွက်လာသည်။ သူက ပိန်ပိန်ပါးပါး၊ မျက်လုံးမျက်ဖန် ကောင်းကောင်းနှင့် အေးဆေးတည်ငြိမ်သည်။ ဒေါ်လေးဆိုသူက အိမ်ထဲက ထွက်လာသည့် သမီးကို အကျိုးကြောင်း ပြောကာ ကျွန်တော်တို့ကို ဧည့်ခံခိုင်းပြီး သူက မြေပြနိုင်ဖို့ ကွင်းထဲက အဘဆိုသူကို သွားခေါ်ပေးမည်ဟု ပြောကာ ပြန်ထွက်သွားသည်။

 

 

သမီးက သည်နေရာကို သူတို့ရောက်ရှိ နေထိုင်ခဲ့ကြသည် ကပင် ၅နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ဖခင်ဖြစ်သူမှာ လူဝင်မှုက အရာရှိဝန်ထမ်းမို့ တာဝန်ကျရာ မြို့ရွာ အသီးသီးသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ဖခင်ဖြစ်သူ ပင်စင်ယူမှ သည်နေရာလေးမှာ အခြေချကြောင်း၊ သည်နေရာမှာပဲ ဖခင်ကြီးခေါင်းချခဲ့ကြောင်း ရင်းနှီးစွာ ပြောပြပြီး မွေးချင်း တွေမှာ တစ်နယ်တစ်ကျေးတွင် အိမ်ထောင်ရက်သားကျကြလို့ မိခင်ဖြစ်သူနှင့် လောလောဆယ် မောင်နှမ ၄ယောက်က အတူနေကြကြောင်း၊ မိခင်၏ ဇာတိမှာ ရေစကြိုဖက်ကဖြစ်ကြောင်း သမီး ဖြစ်သူကရှင်းပြသည်။ ခင်ခင်အောင်က ဒေါ်လေးဟုခေါ်သည့် သူ့မိခင်မှာ ဒေါ်မြစံဟု ခေါ်ပြီး သူ့အမည်က မွန်မွန်စန်း ဖြစ်ကြောင်း ၁၀တန်းလည်း အောင်ပြီး စာပေးစာယူ တက်နေကြောင်း၊ စက်ဘီးလေး ပြင်နေသူမျာ သူ့မောင်ဖြစ်ကြောင်း ၁၆ အ.ထ.က တွင် ၉တန်းတက် နေကြောင်းများ ပြောပြနေသည်။ သြော်… ရိုးသားသည့် မိသားစုပါပေ။

 

 

သူ့အိမ်ဝင်းက ပေ၇၀ ဝန်းကျင်လောက် ရှိမည်။ မြောက်ဘက်မှာလည်း အိမ်ဝင်း တစ်ဝင်းရှိသည်။ သူတို့ကလည်း အင်ဂျင်နီယာတဲ့။ သည့်မြောက်ဘက်မှာက ဝင်းလွတ်ခြံကျယ်ကြီးများဖြစ်ကာ ပြွန်တစ်လုံးရေတံခါးဘေး လမ်းက အရှေ့အတက်ချိုးမှာက လူနေတိုက်တာနှင့် ခြံဝင်းကျယ်ကြီးရှိသည်။ ခြံတံခါးဝမှာ “နန္ဒဝန်ခြံ”ဟူသော ဆိုင်းဘုတ်လေး ရှိတာကို သတိထားမိသည်။ နန္ဒဝန်ခြံ၏ မြောက်ဘက် ကပ်လျှက်မှာ အရှေ့ဘက်က စီးလာသော ရေရှင်ချေုာင်းလေးရှိသည်။ ထိုချောင်းလေး မြောက်ဘက်ကစလို့ ဟို မြောက်အထိ တောင်မြောက်လမ်း ဝဲယာမှာ လူနေခြံဝင်းကျယ်တွေချည်း ဖြစ်သည်။ ယခုရောက်နေသော ဒေါ်မြစံအိမ်၏ တောင်ဘက်မှာတော့ အိမ်မရှိ၊ ရိုးပြတ်အစအနများနှင့် ကွင်းကြီးဖြစ်သည်။ နေရာအချို့မှာတော့ လူတစ်ရပ်နီးပါးရှိ ပိတ်စွယ်ရိုင်းတောကို ဟိုတစ်စု သည်တစ်စုတွေ့ရ၏။

 

လယ်ကွင်းဟောင်း၊ ရေစပ်၊ ရိုးပြတ်ပိတ်စွယ်တော
—————————————————–
သူ့အိမ်၏ အရှေ့ဘက်တကြောကလည်း လယ်ကွက်ဟောင်း အစိတ်အပိုင်းအချို့နှင့် ပိတ်စွယ်တောပဲ ဖြစ်သည်။ အရှေ့ဘက်ကပ်လျှက်ခြံကတော့ ပိုင်ရှင်ရှိပုံရသည်။ ခြံက ကျယ်သည်၊ အလယ်မှာ ကြာပင်တွေနှင့် ရေကန်ရှိသည်။ ရေကန်ဘေးမှာ ၃ပင်၂ခန်း အိမ်လေးတစ်လုံးရှိသည်။ လူနေပုံမပေါ်၊ ထို့ကြောင့် ခြံထဲမှာလည်း ပိတ်စွယ်ရိုင်းတွေ တောထနေသည်။ ထိုခြံ၏ အရှေ့တောင်ယွန်းယွန်းမှ ခင်ခင်အောင်တို့ ၂ထပ်တိုက်ကို လှမ်းမြင်နေရ၏။ ထို၂ထပ်တိုက်၏ တောင်ဘက်မှာ အိမ်စုလေးရှိပုံရသည်။ ကက်ဆက်သံ လူသံ သဲ့သဲ့ကြားနေရသည်။ ခဏနေတော့ ဒေါ်မြစံနှင့် အတူ အသက်၅၀ရွယ် ခပ်တုတ်တုတ် လူတစ်ယောက်ပါလာသည်။ ထိုလူကြီးက မျက်မှန်နှင့် ဖြစ်ပြီး ဝါးဖတ်ခမောက် တစ်လုံး ဆောင်းထား၏။ အဘ ဆိုသူ ဖြစ်မည်။

 

 

သူက အိမ်ပေါ်ရောက်သည်နှင့် ပုခုံးပေါ်ပါလာသည့် တဘက်နှင့် ချွေးသုတ်ပြီး “ ဆရာတို့က စည်ပင်က အင်ဂျင်နီယာတွေဆို၊ မြေကွက်ကြည့်ချင်တာလား၊ ရှိပါွှဗျာ၊ ဘယ်လောက်လိုက်နိုင်သလဲ ဆိုတာသာပြောပါ၊ နေရာအလိုက် အစားစားရှိပါသဗျား” တဲ့။ ကိုသန်းဦးက လောလောဆယ် ရောင်းမယ့်နေရာလေးကို ကြည့်ချင်ပါတယ်၊ အရေးကြီးတာက ချက်ချင်း ဆောက်လို့နေရာ ဖြစ်ချင်တာပါ၊ များများစားစားလည်း မသုံးနိုင်ပါဘူး၊” ဟု ပြောတော့ “ အခန့်သင့်လိုက်တာဗျာ၊ ဒါဆို အခုရေဖောက်ထုတ်နေတဲ့ အကွက်ကြည့်ပါလား၊ ဒီခြံနဲ့ ကပ်လျှက် လမ်းထောင့်ကွက်ပါဗျာ၊ ကိုင်း ဆင်းကြည့်လိုက်ပါဗျာ၊ ပြီးမှ ကြိုက်မကြိုက်ပြောကြပေါ့” ဟု ဆိုပြီး အိမ်ရှေ့ ကပြင်က ဆင်းသည်။ ထို့နောက် သူ့နောက်က လိုက်ကြသည်။ ဒေါ်မြစံပါ လိုက်ပါလာသည်။

 

 

အိမ်ဝင်းလေးက ထွက်ပြီး တောင်ဘက်ချိုးသည်။ တောင်ဘက် တစ်ဝင်းစာလွန်တော့ အရှေ့ဘက်တက်သည့် လမ်းလေးတွေ့ရသည်။ ထိုလမ်းလေးက ကျောက်ကြမ်းတွေချထားကာ အပေါ်က ဂျင်းကျောက်တွေ ခင်းထားသည်။ မိုးကြီးထားသောကြောင့် ဂျင်းကျောက်များက တချို့နေရာမှာ ရေစားထားလို့ အောက်က ကျောက်ကြမ်းတွေ ပေါ်နေသည်။ ထိုလမ်းလေးပေါ် ကူဘိုတာရေစုပ်စက်တင်ပြီး မြောက်ဘက်ထောင့်ကွက်ထဲက ရေတွေကို တောင်ဘက်က အနိမ့်ပိုင်း ကွင်းထဲ မောင်းထုတ်နေသည်။ အဘဆိုသူမှာ ဦးမြမောင်ဟု ခေါ်ကြောင်း၊ သည်ကွင်းထဲက မြေအတော်များများကို ပိုင်ဆိုင်ကြောင်း၊ ပြွန်တစ်လုံးထိပ်ရှိ တိုက်နှင့် ခြံဝင်းကြီးမှာနေထိုင်ကြောင်း၊ လမ်း၃၀ရှိ ရှေ့နေရုံးတွင် လုပ်ကိုင်ကြောင်း များကို ဒေါ်မြစံက လမ်းသွားရင်းရှင်းပြနေသည်။ ကိုသန်းဦးက ဦးမြမောင်နှင့် ယှဉ်လိုက်ရင်း မေးမြန်းပြောဆိုနေသည်။

 

 

ပေ၇၀ × ပေ၅၀ ထောင့်ကွက်
——————————
ခဏနေတော့ ကိုသန်းဦးက ကျွန်တော့်ကို လှမ်းခေါ်ပြီး “ ဒီထောင့်ကွက်ရောင်းမှာတဲ့ဗျ၊ သူက တောင်မြောက် ပေ ၇၀၊ အရှေ့အနောက်က ပေ၅၀ရှိတယ်တဲ့၊ မဆိုးဘူးဗျ၊ မြေတော့ ဖို့ရမှာ” ဟု တိုးတိုးပြောသည်။ ဦးမြမောင်က “နေရာကတော့ ပြောစရာမလိုပါဘူးဗျာ၊ မြောက်ဘက် ကပ်ရက်က အခု ဒေါ်မြစံခြံ၊ အရှေ့ဘက် ကပ်ရက် ကြာကန်နဲ့ခြံက တရုတ်တန်းက ညီအစ်မတွေ ခြံ။ သူတို့ဝယ်ထားတာ ၁နှစ်လောက်ရှိပြီ၊ လူမနေကြသေးတာ” ဟု ရောင်းမည့်နေရာကို မိတ်ဆက်နေသည်။ ကိုသန်းဦးက ကျွန်တော့်ကို ကြည့်ရင်း ဘယ်လိုလဲဟု မေးသည်။ ကျွန်တော်က နေရာတော့ ကြိုက်တယ်ဗျာ၊ ဈေးက ဘယ်လိုလဲ၊ မလိုက်နိုင်တဲ့ဈေး ဖြစ်နေမှာပဲ စိုးတာပါ” ဟု ပြန်ပြောသည်။ ကိုသန်းဦးက “ကျွန်တော့် အစ်ကိုကတော့ စိတ်ဝင်စားတယ်ဗျ၊ ဈေးက လယ်လောက်ဖြတ်မှာလဲ”ဟု မေးတော့ ဦးမြမောင်က “ဆရာတို့ယူရင်၊ ၁၅သိန်းထားပေး လိုက်မယ်” ဟု အပြောမှာ ကျွန်တော်က ရုတ်ခြည်းပင် “ ဟာ.. အဲ့လောက်တော့ ကျွန်တော်တို့ မတတ်နိုင်ပါဘူးဗျာ၊ ဒါဆို အဆင်မပြေဘူး” ဟု ပြောလိုက်မိသည်။

 

 

သည်တွင်ဦးမြမောင်က “ကိုင်း..၂ဦး၂ဘက် အဆင်ပြေစေချင်တယ်ဗျာ၊ ဒီလိုလုပ် ကျွန်တော်ကတော့ ၁၂သိန်းက မလျော့နိင်တော့ဘူး၊ အဆင်ပြေစေချင်လို့ ဈေးကို တစ်ခါတည်း ပြောလိုက်တာ” ဟု ပြောသည်။ ကျွန်တော်က ဒါလည်း အဆင်မပြေပါဘူးဗျာ၊ ကျွန်တော်တို့က ၁၀သိန်းအောက်ပဲ လိုက်နိုင်တာ၊ လိုက်နိုင်လို့ကတော့ ပြောမနေပါဘူး၊ အဆင်မပြေလို့ပါ” ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ကိုသန်းဦးကလည်း “ဟုတ်တယ်ဗျ၊ ငွေပိုလို့ ဝယ်တာမဟုတ်ပါဘူး၊ နေစရာမရှိလို့ စုဆောင်းဝယ်ရတာပါ။ အိမ်ကလည်းဆောက်ရမှာ၊ မြေကလည်းဖို့ရဦးမှာမို့ပါ” ဟု ပြောသည်။ ဦးမြမောင် က သူ့ခမောက်ကိုချွတ်ကာ ယပ်ခပ်ရင်း၊ “ကိုင်း.. ကိုယ့်ဆရာတွေက ကြိုက်လည်းနေတယ်ဆိုရင်၊ ပေ၇၀ မယူနဲ့ဗျာ၊ ပေ၅၀ပဲယူလိုက်၊ ပေ၅၀ ပတ်လည်ပေါ့၊ အိမ်ဆောက်မယ်ဆို အကျယ်ကြီး ပါဗျာ၊ နောက်ဆုံးဈေးပဲပြောမယ်ဗျာ၊ ၈သိန်းခွဲတော့ပေး” ဟု ဆိုတော့ ကျွန်တော်က ကိုသန်းဦးကိုလှမ်းကြည့်သည်။ မြေဖိုး ၈သိန်းခွဲပေးလိုက်ရင် အိမ်ဆောက်မှာနဲ့ မြေဖို့မှာနဲ့ အဆင်ပြေပါ့မလားဟူသော မေးသည့် အကြည့် ဖြစ်သည်။

 

 

မြေဖိုး၊ အိမ်ဖိုးသာမက မြေဖို့ရမှာမို့
———————————–
ကိုသန်းဦးကလည်း ကျွန်တော့် အကြည့်ကို သဘောပေါက်သည်။ ထို့ကြောင့် “ကဲ.. အဘ၊ ကျွန်တော်တို့ကလည်း မတန်တဆ ဆစ်တာမဟုတ်ပါဘူး၊ ရှိတဲ့ငွေလေးက ကုပ်ကပ်လုပ်နေရလို့ပါ။ ဒီလိုလုပ်ဗျာ ကျွန်တော် ပေ ၅၀ ပတ်လည်ပဲယူမယ်။ ပေ၅၀ပတ်လည်ကို ၆သိန်း ရရင် ယူမယ်၊ မရရင်တော့ မတတ်နိုင်တော့ဘူးဗျာ” ဟု ယတိပြတ်ပြောလိုက်သည်။ သူကလည်း အိမ်ဆောက်ဖို့နဲ့ မြေဖို့ဖို့ တွက်ရတာပေါ့။ ကျွန်တော့်အခြေအနေကို မချွင်းမချန်သိနေသူလေ။ ကိုသန်းဦးက ဆက်ငြောသည်။ “ကျွန်တော်တို့ ပေးတဲ့ဈေးကို အဘက လက်ခံမယ် အဆင်ပြေမယ်ဆို ခင်ခင်အောင့်ကို မှာလိုက်ပါ၊ ကျွန်တော်တို့ ခက်ချင်း စရံသပ်ပါမယ်ဗျာ၊ ဟုတ်ပြီလား၊ ကျွန်တော်တို့ အဘ အဖြေကို စောင့်နေပါ့မယ်ဗျာ”ဟု ပြောရင်း ပြန်လှည့်ကာ ဓေါ်မြစံအိမ်ထဲမှာ ထိုးထားခဲ့သည့် ဆိုင်ကယ်ဆီ ပြန်ခဲ့သည်။

 

 

ဒေါ်မြစံက သူ့အိမ်အပြန် ကျွန်တော်တို့ကို လိုက်ပို့ရင်း “ ငါ့မောင်တွေနဲ့ တည့်စေချင်ပါတယ်၊ လူကောင်းတွေ ဆိုတာ မြင်ကတည်းက သိလို့ပါ၊ သားပျိုသမီးပျိုတွေနဲ့ နေရတာမို့ မတော်သူတွေ ရောက်လာမှာစိုးလို့ပါ၊ အကယ်၍ အဘဘက်က အဆင်မပြေရင်လည်း ငါ့မောင်တွေဘက်က အဆင်ပြေအောင် ကြည့်လုပ်ကြပါကွယ်” ဟု ပြောရှာသည်။ ကျွန်တော်တို့က သူ့ကိုရော သူ့သမီးကိုရော နှုတ်ဆက်၍ ပြန်ခဲ့သည်။ လမ်းမှာ ကျွန်တော်က ဒီလို ရပ်ကွက်လေးက နေချင်စရာဗျာ၊ အေးချမ်းလိုက်တာဟု ပြောမိသည်။ ကိုသန်းဦးက ဟုတ်တယ်ဗျ၊ သူ့ဖက်က ကျွန်တော်တို့ပေးတဲ့ဈေးပဲ အဆင်ပြေပါစေ ဆုတောင်းရမှာပဲ၊ နက်ဖြန်ကစပြီး ရုံးရောက်ရင် ခင်ခင်အောင့် အကဲခတ်ရတော့မှာပဲ ဟု ပြောရင်း ပြန်ခဲ့ကြတော့သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW