ထီးချိုင့် – ကသာလမ်းပိုင်း ပိတ်ထားမှု တလနီးပါး ကြာမြင့်လာ

စက်တင်ဘာ ၂၁ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ထီးချိုင့် – ကသာ ကားလမ်းမကြီး ပိတ်ထားတာဟာ တလနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားကြီး အစင်းပေါင်း ၈၀၀ ဝန်းကျင် ပိတ်မိနေကြတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
ကသာ – ထီးချိုင့် လမ်းပိုင်းကို မည်သည့်အကြောင်းပြချက်မျှ သေချာရေရာစွာ မသိရဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေက ကြာရှည်စွာ ပိတ်ပင်ထားတာဖြစ်ပြီး ကားတွေ သွားလာလို့မရဘဲ မြို့တွင်းနဲ့ လမ်းတလျှောက်မှာ ရပ်နားထားရတယ်လို့ သိရပါတယ်။
“ဒီလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး။ ဒါပေမယ့် ဘာကြောင့် ပိတ်ထားမှန်းလည်း မသိရဘူး။ လမ်းဖွင့်ဖို့ကိုပဲ စောင့်နေကြရတယ်။ လမ်းပြုပြင်ဖို့ကလည်း ထီးချိုင့်နားက နတ်အင်းချောင်းမှာ လက်နက်ကိုင်တပ်တွေ ရှိနေလို့ လမ်းမပြင်နိုင်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇက်ကူးခအနေနဲ့ ကားအသေး တစီးကို ကုန်ပစ္စည်းတွေ ပါလာပါက ကျပ် နှစ်သိန်းခွဲ၊ ကုန်ပစ္စည်း မပါရင်တော့ ကျပ် တသိန်းခွဲပေးရပြီး ၁၂ ဘီးကား တစီးကို ၂၇ သိန်းကျပ်အထိ ပေးရတယ်လို့ သိရပါတယ်။
“ဇက်က အရင်က ကားအသေးတွေပဲ သွားလို့လာလို့ရတယ်။ ဒါပေမယ့် မနေ့ကစပြီး ကားအကြီးတွေကို ဇက်တစီးနဲ့ ကမ်းကူးပေးနေတယ်။ ကုန်စည်စီးဆင်းမှု ကောင်းဖို့အတွက် လမ်းစတော့ ရပြီပေါ့။ ဒါပေမယ့် တော်တော်များများက ဇက်ကူးခ မတတ်နိုင်ကြတော့ ကသာမှာပဲ ဆက်နေကြရတယ်။ ခုချိန်မှာ အားလုံးက ကသာ – ထီးချိုင့်လမ်းကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ကိုပဲ လိုလားနေကြတာပါ။ ဒီလို လမ်းပိတ်ထားတာက ပြည်သူကို တမင်ဒုက္ခပေးသလို ဖြစ်‌နေတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ရက်ရှည် လမ်းပိတ်မိနေတဲ့အတွက် ခရီးတွေနဲ့ ကားသမားတွေဟာ အစားအသောက်၊ သောက်သုံးရေနဲ့ နေထိုင်ရေးအတွက် အလွန်ခက်ခဲနေပြီးတဲ့ပြင် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေလည်း ကြုံနေရတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ ကားသမားတွေအတွက် ကသာမြို့နယ်ရှိ မိုးကုတ်ဘုန်းကြီးကျောင်းက ထမင်း နေ့စဉ်ကျွေးမွေးပေးနေသလို ကသာမြို့ခံတွေနဲ့ လမ်းတလျှောက်ရှိ ကျေးရွာတွေမှ ဒေသခံတွေက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။

“လမ်းခရီး အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒီ ကသာမြို့နယ် ဝန်းကျင်မှာရှိနေတဲ့ လက်နက်ကိုင်တပ်တွေကို အမြန်ဆုံး ရှင်းလင်းပေးဖို့လိုတယ်။ ဒါမှသာ ကျွန်တော်တို့ ကားသမားတွေ သွားလာရေး အဆင်ပြေမယ်။ အစိုးရဘက်ကလည်း နယ်မြေရှင်းလင်းမှုတွေ အမြန်ဆုံး လုပ်ဆောင်မယ် ပြောထားတယ်။ ရှင်းလင်းရေး လုပ်ပြီးတာနဲ့ လမ်းအမြန် ပြန်ခင်းပေးမယ်၊ ၃၆ မိုင် ၉ ဖာလုံက လမ်း‌ရော၊ တံတားတွေကိုရော အမြန်ဆုံးပြီးအောင် ပြင်ပေးမယ်ပြောတယ်” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။
လက်ရှိမှာ မန္တလေး – မြစ်ကြီးနား ပင်မလမ်းပိုင်း (နဘား-မော်လူးလမ်း) ကိုလည်း ပုံမှန်အတိုင်း သွားလာနိုင်ခြင်း မရှိသေးတာကြောင့် ယာဉ်မောင်းတွေဟာ အင်းတော်ကွင်းလမ်း (နံ့သာရွာ – မော်တိတ်ရွာ – ရွာသာယာရွာကြား) နဲ့ ဇက်ကူးတို့ လမ်းကြောင်းတွေကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။
ဒါပေမယ့် အင်းတော် ကွင်းလမ်းတွေဟာလည်း မိုးတွင်းကာလအတွင်း ဗွက်နစ်မှုတွေ ရှိနေတာကြောင့် ကုန်ကားကြီးတွေ သွားလာနိုင်ဖို့ ခက်ခဲလျက်ရှိပြီး ဒေသတွင်း ဆင်တွေနဲ့ အထိန်းအကွပ်မဲ့ ဆွဲတင်နေရတဲ့အထိ လမ်းပိုင်းတွေ ပျက်စီးဆိုးရွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ကသာ – နဘား – ပင်ဝဲ – စီပန်း – မော်လူး လမ်းပိုင်းဘက်မှာလည်း ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားတချို့ ဖြတ်သန်း သွားလာနေကြပေမယ့် လမ်းခရီး အလွန်ကြန့်ကြာပြီး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW