နိုဝင်ဘာ ၂ – ၂၀၂၆
SS (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မူလ သတ်မှတ်ထားတဲ့ရက်ထက် သုံးရက် ထပ်မံ တိုးမြှင့်လိုက်ပြီး ၁၀ ရက်ကြာ ကျင်းပသွားမှာဖြစ်ကာ မီးပုံးပျံပေါင်း ၅၆၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
တန်ဆောင်တိုင်ပွဲတော်ကို အဲဒီမြို့ရဲ့ အဝေရာမီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၁၆ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အရင်က နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
မီးပုံးပျံပြိုင်ပွဲမှာ မီးပုံးပျံ ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ နေ့လွှတ်အရုပ် ခြေလေးချောင်း ၁၃၉ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၂၃၅ လုံး၊ နေ့လွှတ်အရုပ်အုပ်စု ၇၅ လုံး၊ စုစုပေါင်းမီးပုံးပျံ ၅၆၁ လုံး ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
“နေ့လွှတ်အရုပ်ဆိုရင် ၁၃ ရက်နေ့ကနေ စပြီး ၂၄ ရက်နေ့အထိ လွှတ်မှာပါ။ ဒီနှစ်မှာ နေ့လွှတ် အရုပ်တွေရော၊ ညလွှတ် အရုပ်တွေရော များတဲ့အတွက် ပွဲရက်က ရှည်သွားတာပါ။ အစိုးရဘက်ကလည်း မီးပုံးပျံလွှတ်မယ့်သူတွေကို ယမ်းထောက်ပံ့မှု ၇၀ ရာခိုင်နှုန်း ပေးထားတယ်။ အဲဒါကြောင့်မို့လည်း ပွဲက ပိုစည်ကားသွားတာ” လို့ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကွင်းဖွင့်ပွဲ ကျင်းပမှာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကွင်းပိတ်ပွဲနဲ့ ဆုပေးပွဲ ကျင်းပမှာဖြစ်ကာ နေ့လွှတ် အရုပ်တွေကို နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ လွှတ်တင် ပြိုင်ပွဲဝင်ရမယ်လို့ သိရပါတယ်။
ဒါအပြင် အခု ၂၀၂၆ ခုနှစ်မှာ ခေတ်ကာလအလျောက် မြင့်တက်လာတဲ့ ကုန်စျေးနှုန်း အခြေအနေကြောင့် မီးပုံးပျံ တလုံးအတွက် ရင်းနှီး ကုန်ကျစရိတ်တွေဟာ အရင်နှစ်တွေကထက် တိုးလာတယ်လို့ သူက ပြောပါတယ်။
မီးပုံးပျံ ညမီးကြီး တလုံးကို ကျပ် သိန်း ၅၀၀ ဝန်းကျင်၊ စိန်နားပန် မီးပုံးပျံ တလုံး ကျပ် သိန်း ၁၀၀ ဝန်းကျင်ရှိကာ နေ့လွှတ်အရုပ် မီးပုံးပျံတွေကတော့ အရွယ်အစားပေါ် မူတည်ပြီး ကျပ် ငါးသိန်း ဝန်းကျင်ကနေ သိန်း ၁၀၀ ဝန်းကျင်အထိ ရှိတယ်လို့ သူက ပြောပါတယ်။
“ဒီလို ကုန်ကျစရိတ် များနေတဲ့အချိန်မှာ အစိုးရက တဖက်တလမ်းကနေ ပံ့ပိုးပေးမယ်ဆိုတော့ ပြိုင်ပွဲဝင်မယ့်သူတွေ အားလုံးလည်း အဆင်ပြေကြတာပေါ့။ ဒီလိုရှားပါးတဲ့အချိန်မှာ ဒီလို ပွဲလုပ်ဖို့က အစိုးရရဲ့ ပံ့ပိုးမှုမရှိဘဲ ကိုယ်ထူကိုယ်ထ လုပ်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် ပွဲတော် လုံခြုံရေးပိုင်း အခြေအနေနဲ့ ပတ်သက်လို့လည်း စိုးရိမ်စရာမရှိဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်ယူ ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်မှစတင်ကာ ပြိုင်ပွဲအဖြစ် ကျင်းပလာခြင်းဖြစ်ပြီး မီးပုံးပျံပွဲတော်မှာ နေ့မီးနဲ့ ညမီးဆိုပြီး နှစ်မျိုးခွဲကာ ပြိုင်ပွဲတွေ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီ မီးပုံးပျံပွဲတော်ကို ကိုဗစ် – ၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကစပြီး သုံးနှစ်ကြာ ရပ်နားထားခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာ ပြန်လည် ကျင်းပခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်မှာတော့ (၈၅) ကြိမ်မြောက် ရှိလာပြီလို့ သိရပါတယ်။
ဓာတ်ပုံ – ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်း
