သီပေါစက်လှေဆိပ် ကုန်စည်တွေကို ဦးစားပေးနေလို့ ခရီးသွားတွေ အခက်တွေ့

နိုဝင်ဘာ ၂၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါစက်လှေဆိပ်မှာ ခရီးသည်တွေထက် ကုန်ပစ္စည်း တွေကိုပဲ ဦးစားပေးတင်နေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။
စက်လှေဂိတ်တိုင်းလိုလိုမှာ ကုန်ပစ္စည်းတွေကိုပဲ အဓိကတင်ပြီး ခရီးသည် တွေကို တနေကုန်နီးပါး စောင့်ခိုင်းထားတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ခရီးသွားတွေက​ ပြောပါတယ်။
“ ကုန်ကားတွေ၊ ခရီးသည်တင်ကားကြီးတွေကနေပါတဲ့ ကုန်တွေကိုပဲ ဦးစား ပေးတင်နေတာဗျ။ ခရီးသည်တွေကျတော့ နေပူထဲ စောင့်ခိုင်းထား တာဗျာ။ တချို့ဂိတ်တွေဆို လူမတင်ဘူးတဲ့။ အားလုံး ပြေလည်အောင်တော့ လုပ်ကြစေချင်တယ်” လို့ ခရီးသွား အမျိုးသားတယောက်က ပြောပါတယ်။
ဖြတ်သန်းခွင့်ရဖို့ ပြောတဲ့ ခရီးသည်တွေကိုလည်း စက်လှေဆိပ်က အလုပ် သမားတွေက မချေမငံ ပြန်ပြောတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
၁၀၂၇ တိုက်ပွဲကာလအတွင်း TNLA တပ်ဖွဲ့ သိမ်းပိုက်ခဲ့တဲ့ သီပေါမြို့ကို အစိုးရတပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး သီပေါတံတားအထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာ လုံခြုံရေးအရဆိုပြီး ၂၀၂၅ နိုဝင်ဘာ ၁၄ ရက်နေ့မှာ သီပေါတံတားကို အစိုးရဘက်က ပိတ်ထားတာ တနှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ တံတားပေါ်ကနေ ခရီးသည်တွေ ဖြတ်သန်းခွင့်ပြန်ပေးခဲ့ပြီး ပြီးခဲ့တဲ့လမှာ လူဖြတ်သန်းခွင့်ကို ပြန်ပိတ်ခဲ့တာ ဖြစ်ပါတယ်။
တံတားကနေ ခရီးသွားတွေ ဖြတ်သန်းခွင့်မပြုတာကြောင့် လှေဆိပ်တွေမှာ ခရီးသွားကားတွေ ကုန်ကားတွေနဲ့ ပြည့်ကြပ်နေတယ်လို့ သိရပါတယ်။
“ တံတားပိတ်ထားတော့ လူတွေက စက်လှေဆိပ်ပဲ အားကိုးပြီးသွား နေရတာ ။ ကားတွေဆိုလည်း သီပေါထွေအုပ်ရုံးရှေ့၊ ရဲစခန်းရှေ့တွေအထိ ပြည့်နေတာပဲ။ အကုန်လုံးလည်းသိနေတာ။ ခရီးသွားတွေကိုတော့ ဖြေလျှော့တာတွေ လုပ်ပေးသင့်ပါတယ်” လို့ သီပေါမြို့ခံအမျိုး သားတယောက်က ပြောပါတယ်။
ဒီကိစ္စအတွက် စက်လှေဆိပ်တွေနဲ့ သီပေါမြို့ခံတွေကြား ညှိနှိုင်းမှုတွေ လုပ်နေ ပြီး စက်လှေဆိပ်တစ်ခုကို လူသီးသန့်ဖြတ်သန်းခွင့်ရဖို့ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ သီပေါမြို့ကို အစိုးရက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် သီပေါတံတားကနေ လားရှိုးအထိ လမ်းပိုင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အစိုးရဘက်ကတော့ တရုတ်နယ်စပ်ကနေ လက်နက်ကိုင်ထိန်းချုပ်ဒေသကို ဖြတ်ပြီးလာတဲ့ တရားမဝင်ကုန်တွေကို တားဆီးဖို့အတွက် သီပေါတံတားကို ပိတ်ထားတာလို့ ပြောဆိုထားပါတယ်။

Related posts

✕
VOM News

FREE
VIEW