နိုဝင်ဘာ ၂ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ်မှာ မနေ့က နိုဝင်ဘာ ၁ ရက်နေ့ တရက်တည်း ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနဲ့ ကျောက်ဖြူ နယ်တွေမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်ထက်မနည်းသေဆုံးကာ အယောက် ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့နယ် ၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးမှာ မနေ့က ညနေ ၅ နာရီခွဲလောက်က လေကြောင်းတိုက်ခိုက်ခံရပြီး ငါးယောက်သေဆုံးကာ ကိုးယောက်ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကျောက်တော်မြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ယိုးချောင်းတံတားမှာ မနေ့က ညနေ ၅ နာရီကျော်လောက်က လေကြောင်းကနေ ဗုံးကြဲခံခဲ့ရပြီး ခုနှစ်ယောက်သေဆုံးက ထိခိုက်ဒဏ်ရာရသူ ခုနှစ်ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
” စုစုပေါင်း သေဆုံးသူက ၁၃ ယောက်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူက ၃၀ ကျော်လောက်ရှိတယ်။ အဲဒီဒဏ်ရာရတဲအထဲ စိုးရိမ်ရသူက ၁၀ ယောက်လောက်ရှိတယ်။အဲဒီသေဆုံးဒဏ်ရာရတဲ့အထဲမှာ ယိုးချောင်းတံတားဖြစ်စဉ်လည်းပါတယ်။ ယိုးချောင်းတံတားက ရန်ကုန် – စစ်တွေကားလမ်းပေါ်မှာရှိတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာမှာလည်း.မနေ့ ညေန ၅ နာရီလောက်က လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၁ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပေါက်တောမြို့ မြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာဘက်မှာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း လူသေဆုံးဒဏ်ရာရသူ ၄၄ ယောက်ရှိခဲ့တဲ့အပြင် အဆောက်အဦးတွေလည်း ပျက်စီးမှုရှိခဲ့ကြောင်း AA ကသတင်းထုတ်ပြန်ထားပါတယ်။
အရင်လ အောက်တိုဘာ ၂၃ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ပေါ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပြီး နှစ်ယောက်သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပေါက်တောမြို့နယ် ဆင်အိုင်ရွာဘက်မှာလည်း အောက်တိုဘာ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီး ခြောက်ယောက်သေဆုံးကာ ၁၀ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃ ရက်ကနေ ၅ ရက်အတွင်းလည်း ပုပုဏ္ဏား ကျွန်းမြို့နယ် နဲ့ ရသေ့တောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်သေဆုံးကာ ၂၄ ယောက်ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာမှာလည်း အောက်တိုဘာ ၂ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး သုံးယောက်ဒဏ်ရာရရှိခဲ့သလို အောက်တိုဘာ ၁ ရက်ပလည်း ကျောက်တော်နဲ့ သံတွဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ တယောက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ္ပုံ – CJ
