အမြန်လမ်းပေါ် မောင်းနှင်းတဲ့ လိုက်ထရပ်နဲ့ပစ်ကပ်ကားတွေ လူအများအပြား စီးနှင်းခြင်း တားမြစ်

ရန်ကုန်-နိုဝင်ဘာ-၁၆
EP(VOM)
ရန်ကုန်- မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးမှုတွေ ရှိတာကြောင့် လိုက်ထရပ်ကား နဲ့ ပစ်ကပ်ကားနောက်တွင် လူ‌အများလိုက်ပါ စီးနှင်းမှု မပြုလုပ်ကြရန် အမြန်လမ်းမကြီး ထိန်း သိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့က တားမြစ်လိုက်ပါတယ်။
ကားအနောက် လူလိုက်ပါ စီးနှင်းခြင်းကို နိုဝင်ဘာ ၁၄ ရက်နေ့က စာထုတ်ပြန်ကာ တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။
ပွဲတော်ရာသီ သီတင်းကျွတ် ၊ တန်ဆောင်းမုန်း လနဲ့ သင်္ကြန်ပွဲတော်လတွေမှာ အမြန်လမ်းပေါ် ဖြတ်သန်း မောင်းနှင်းတဲ့ လိုက်ထရပ် ကားနဲ့ ပစ်ကပ်ကားတွေဟာ လူလိုက်ပါစီးနှင်းခြင်းတွေရှိပါတယ်။
အဲ့ဒီယာဉ်‌တွေဟာ ကုန်ပစ္စည်းတင်ဆောင်ရန်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ခရီးသည်‌တွေအတွက် ထိုင်ခုံ၊ ထိုင်ခုံခါးပတ်နဲ့ လေအိတ်စတဲ့ အကာအကွယ်ပစ္စည်းတွေ မပါရှိတာကြောင့် ယာဉ်တိုက်မှု ဒါမှမဟုတ် တိမ်းမှောက်မှုဖြစ်ပွားပါက နောက်ခန်းက လိုက်ပါသူတွေ မြေပြင်တွင် လွင့်စင်ကျကာ ပြင်းထန်ဒဏ်ရာရရှိခြင်းနဲ့ အသက်ဆုံးရှုံးခြင်းတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
ဒါကြောင့် အခုလိုတားမြစ်လိုက်ခြင်းဖြစ်ပါတယ်။ လက်ရှိကာလက အသိပေးတားမြစ်တဲ့ ကာလဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ခြင်းတွေ မရှိသေးဘူးဟု အမြန်လမ်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
” အရေးယူတာ မရှိသေးပါဘူး။ လူအများကြီး တင်ပြီး မစီးနှင်းကြဖို့ တားမြစ်တာပါ။ ” လို့တာဝန်ကျ ရဲတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်က နိုဝင်ဘာ ၁၃ ရက်နေ့အထိ အမြန်လမ်းပေါ်တွင် ပစ်ကပ်နဲ့ လိုက်ထရပ်ယာဉ် မတော်တဆမှု ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦး နဲ့ ဒဏ်ရာရရှိသူ ၁၇ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ယာဉ်စည်းကမ်းအရ ပစ်ကပ်၊ လိုက်ထရပ်တွေဟာ လော်ရီကားများအနေနဲ့ တစ်နာရီ ကီလိုမီတာ ၆၀ အောက်သာ မောင်းနှင်ရန် သတ်မှတ်ထားပေမယ့်လည်း လိုက်နာတာ နည်းတယ်လို့ ဆိုပါတယ်။
ဒါအပြင် ရပ်နားလိုပါက လမ်းဘေးမြေသားပေါ်သာ ရပ်နားရန်၊ ညဘက်ရပ်နားစဉ် အချက်ပြမီး ဖွင့်ထားရန်နဲ့ ခရီးမထွက်မီ ယာဉ်ကြံ့ခိုင်မှုနဲ့ တာယာ‌တွေကို ကြိုတင်စစ်ဆေးရန် သတိပေးနှိုးဆော်ထားပါတယ်။

Related posts

✕
VOM News

FREE
VIEW