ပြည်တွင်းက စက်သုံးဆီအများစု အရည်အသွေး ပြည့်မီမှုအားနည်း

နိုဝင်ဘာ ၁၆ – ၂၀၂၆
SS (VOM)
လက်ရှိကာလအတွင်း စက်သုံးဆီဆိုင် အများစုမှာ အရည်အသွေး ပြည့်မီခြင်းမရှိတဲ့ စက်သုံးဆီတွေကို ရောင်းချနေတာကြောင့် မော်တော်ကား အင်ဂျင်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ပြည်တွင်းထုတ်ချက်ဆီတွေကို ဆိုင်တွေက ခွဲတမ်းစနစ်နဲ့ ယူဆောင်ကာ ရောနှော ရောင်းချနေမှုတွေကြောင့် စက်သုံးဆီ အရည်အသွေး မပြည့်တာ၊ အချိန်အတွယ် မှန်ကန်မှု မရှိတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
“ဆီဖြည့်ပြီးရင် ကားစက်က ချက်ချင်း နှိုးမရဘူး။ ကားမောင်းနေတဲ့ အချိန်မှာလည်း အင်ဂျင်တုန်ခါပြီး အင်ဂျင်အား ကျသွားတာတွေလည်း ဖြစ်တယ်။ ဒီလို ဆီညံ့နေတာက ကားအင်ဂျင်ပိုင်းရဲ့ ဆီပန့်နဲ့ အင်ဂျက်တာတွေ နာတယ်။ ပစ္စည်း ခဏခဏ လဲနေရတယ်။ ကုန်ကျစရိတ်တွေ ပိုကြီးလာတယ်။ အရင်က ငါးရက်လောက် မောင်းလို့ရတဲ့ဆီက အခု သုံးရက်လောက်နဲ့ ကုန်သွားတာ လက်တွေ့ပဲ” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
အခုလို ဖြစ်နေရတာဟာ အဆင့်မမီတဲ့ ဆီတွေကို စံချိန်မီဆီ ထက်ဝက်လောက် ရောစပ်နေတာကြောင့်ဖြစ်ပြီး နိုင်ငံအတွင်း စက်သုံးဆီ လိုအပ်ချက် မြင့်မားနေချိန် တချို့သော ဆီဆိုင်ပိုင်ရှင်တွေက အမြတ်အစွန်းအတွက် အရည်အသွေးမမီတဲ့ ဆီတွေကို ရောစပ် ဖြန့်ချိလာကြတယ်လို့ သူက ပြောပါတယ်။
အရည်အသွေးမမီတဲ့ ဆီတွေကြောင့် ဆီစစ် (Fuel Filter) တွေ ညစ်ပတ် ပိတ်ဆို့တာအပြင် လောင်ကျွမ်းအား နည်းလာတာကြောင့် ကားတွေ ဆွဲရုန်းမကောင်းဘဲ အင်ဂျင်စွမ်းအင် ကျဆင်းလာတာတွေ ရှိနေတယ်လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။
“အခုဆီတွေက ၅ ဂါလန်၊ ‌၆ ဂါလန်ကုန်တဲ့ ခရီးကို ၉ ဂါလန် ကုန်လာတယ်။ အရင်လို အသုံးမခံတော့ဘူး။ ကျွန်တော်သတိထားမိတာတော့ အောက်တိုဘာလ အစလောက်ကတည်းက အခုလိုဖြစ်နေတာ။ ဆီအပြည့် ဖြည့်ထားရင် အရင်က စက်နှိုးရုံဆို တော်တော်နဲ့ မလျော့ဘူး။ ခုကျ စက်နှိုးတာနဲ့တင် ခဏနေရင် တတုံးလောက် ကျသွားတော့တာပဲ” လို့ သူက ပြောပါတယ်။
ယာဉ်ပိုင်ရှင်တယောက်ကလည်း အခုလို ရောနှောဆီတွေကြောင့် လောင်ကျွမ်းမှု မပြည့်ဝတဲ့အတွက် Spark Plug တွေ မကြာခဏ ဒုက္ခပေးလာပြီး အင်ဂျင်ပိုင်းဆိုင်ရာ ပြင်ဆင်စရိတ်တွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။
“အရင်လို ကားအင်ဂျင် မကောင်းတော့ဘူး။ ဆီစားပိုကြမ်းလာတယ်။ စက်သံတွေလည်း မမှန်တော့ဘူး။ ခုနောက်ပိုင်း Spark Plug တွေ ခဏခဏ လဲနေရတယ်။ ဝပ်ရှော့ကို ဆက်တိုက် သွားနေရတယ်။ ဆီအပြည့်ဖြည့်ပြီးမောင်းရင်လည်း ၁ မိုင်လောက်ပဲ မောင်းရသေးတယ်။ ဆီက ဆီဂိတ်ကနေ F အထိ လျော့ကျသွားတာ” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။
ပြည်တွင်းထုတ်နဲ့ ပြည်ပမှ တင်သွင်းလာတဲ့ စက်သုံးဆီတွေကို သတ်မှတ် စံချိန်စံညွှန်းအတိုင်း ဖြစ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထိန်းချုပ် စစ်ဆေးမှုအပိုင်း အားနည်းလာတာကြောင့် အရည်အသွေး ညံ့ဖျင်းတဲ့ဆီတွေ ဈေးကွက်ထဲကို ရောက်ရှိလာတာလို့ သူက ပြောပါတယ်။
စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ ပြည်တွင်းမှာ သုံးစွဲနေတဲ့ စက်သုံးဆီရဲ့ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရတာဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုက စက်သုံးဆီ လိုအပ်ချက်ရဲ့ ၃ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW