သူတို့အိမ် အခန်း (၂၇၀)

ဆူးငှက်

အမြင့်တက်ပါ၊ ကျော်ပါ ခွပါ၊
——————————
အသက်၆၀ကျော်လေသည်မှ ဘဝကို ပြန်လှန် သုံးသပ်ကြည့်လေသောအခါ အသိဉာဏ် နုနယ်စဉ်ကာလ မူလတန်း အလယ်တန်းကျောင်းသားကာလများက မည်သို့ပင် ဆင်းရဲခဲ့သည်ဖြစ်စေ ပျော်ရွှင်ဖွယ် ကောင်းသည့် ကာလများဖြစ်သည်။ သည်ကရှေ့လျှောက် နည်းနည်းသိလာလေလေ ပင်ပန်းဆင်းရဲလေဖြစ်သည်။ များများသိတော့ များများ ဒုက္ခရောက်ရ သည်ပေါ့။ ရှေးဆိုရိုး စကားတစ်ခုရှိပါ၏။ မရှိတာထက် မသိတာက ပိုခက်သတဲ့ ဟူလို။ တကယ်တမ်း ဘဝကို ဖြတ်သန်းရလေသောအခါ အတွေ့အကြုံများစွာတွင် ထိုမရှိခြင်းထက် မသိခြင်းများကို ကြုံတွေ့ ခံစားရဖန်များလေတော့ ကိုယ်ကိုယ်တိုင်ကလည်း ဤသို့ မသိခြင်းမျိုး မဖြစ်ရလေအောင် ဆင်ခြင်ရတော့သည်။

 

 

တက်ကျမ်းများကဖြစ်စေ၊ ရှေ့က စီးပွားရေးအရ အောင်မြင်ထားသူများက ဖြစ်စေ သူတို့ အဆိုအမိန့်များတွင် လူတစ်ယောက်၏ ကိုယ်ကျိုးစွန့်မှုနှင့် ခေတ်ကာလ နောက်ခံကားကို သိသိကြီးနှင့် မေ့လျော့ခဲ့ကြသည်ချည်း ဖြစ်သည်။ အရေးကြီးလှသော ထိုအရာများကို မေ့လျော့ မသိဟန်ဆောင်ပြီး မကြိုးစားလို့၊ ဝီရိယ မရှိလို့၊ လုံ့လမရှိလို့၊ အကြံဉာဏ်မရှိလို့ဟု လက်ညှိုး ငေါက်ငေါက်ထိုး၍ ပညာပေးကြသည်ချည်း ဖြစ်သည်။

 

 

တကယ်တမ်း ကျွန်တော်တို့ ငယ်စဉ်က မွေးဖွားကြီးပြင်းပြီး ဖတ်ရှု စံပြု နမူနာယူရသည့် စာအုပ်စာပေများက ခေတ်ကာလ နောက်ခံကားကို မှန်ကန်စွာ လေ့လာပြီး ထိုခေတ်ကာလတွင် မိမိက ဘယ်လောက်ထိ တာဝန်ထမ်းနိုင်မလဲဟူသော စာအုပ် စာပေမျိုး ဖြစ်သည်။ တာဝန်မထမ်းနိုင်တောင်မှ ထိုခေတ် ကာလတွင် လူ့အဖွဲ့အစည်းကို သစ္စာတော့ မဖောက်စေရဟူသော ကျင့်ဝတ်က စံဖြစ်သည်။ ခေတ်ကာလကို တာဝန် ထမ်းသည် ဟူသည်ကလည်း ငလျင်ဘေးတွင် ငွေသိန်းဘယ်နှရာ လှူသည်ဆိုတာမျိုး မဟုတ်။ ဤစံ ဤကျင့်ဝတ်များနှင့် နေထိုင်ရသောအခါ ဤခေတ်နောက်ခံကား ဤခေတ် အဝန်းအဝိုင်းတွင် မရှိတာထက် မသိတာခက်သည့် ကိစ္စ၊ ရှိလွန်းလို့ သိလွန်းတယ် ထင်ကြသည့် ကိစ္စများနှင့် ကြုံတွေ့ရသောအခါ အတော် စိတ်ပျက်စရာ ကောင်းလှ၏။

 

 

မင်္ဂလာမဆောင်ချင်ပေါင်
—————————
ပြန်လှန် စဉ်းစားလိုက်တော့ ဘဝတွင် ကိုယ်မလုပ်ချင်သည့် အရာတွေ မလုပ်ခဲ့ရသည်ကလည်း စိတ်ပျော်စရာ ကြောင်းခြင်းရာများ ဖြစ်ခဲ့သည်။ ဆိုပါတော့၊ ကျွန်တော် အိမ်ထောင်ပြုတော့ (ငွေရေးကြေးရေး နွမ်းပါးလို့ထက်) ပွဲခင်းပြီး မင်္ဂလာ မဆောင်ချင်သည်ကို သတို့သမီးသာမက အုပ်ထိန်းသူ အဖိုးအဖွားကပင် လိုက်လျော ခွင့်ပြုပြီး ဘုန်းကြီး ဆွမ်းကပ်ရုံဖြင့် စိတ်ချမ်းသာခဲ့ရသည်။ ဆွေမျိုး မိတ်သင်္ဂဟ ဧည့်သည်က ရာဂဏန်းပင် မပြည့်၊ လက်ဖွဲ့လည်း မခံခဲ့။ တစ်ခါ သားနှစ်ဦး မွေးထားပြန်လေသောအခါ သူတို့ အရွယ်ရောက်လို့ အိမ်ထောင်ပြုကြပါကလည်း ကိုယ့်မရှိပါဘဲ တင်တောင်းဦး၊ ဆွမ်းကပ်ဦး၊ ဟော်တယ်ခန်းမကြီးတွေမှာ ဧည့်ခံပွဲ ကျင်းပဦး၊ ညစာ ဒင်နာကို ကန်တော်ကြီး ကုက္ကိုကျွန်း မှာ ကျွေးရမှာ စသည့် ဒုက္ခမျိုး ကြုံရဦးလေများဟု တွေးပူမိသည်။

 

သို့သော် သားနှစ်ယောက်လုံးမှာ ထိုဒုက္ခမျိုး မကြုံခဲ့ရပေ။ သားအကြီးက ဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး အလယ်ကျွန်းကျောင်းကြီးတွင် ဆွမ်းကပ် ဧည့်ခံကာ မင်္ဂလာပွဲ ကျင်းပ ခဲ့သည်။ ချွေးမ နှင်းအိခိုင်ကလည်း ထိုအစီအစဉ်အတိုင်း ဝမ်းမြောက်စွာ လက်ခံခဲ့၏။ ထို့အတူ သားအငယ်ကလည်း လှထွေတိုက် ဘာဝနာ ဂုဏ်ရည် တေဇာလင်း ကျောင်းတိုက်၌ပင် မင်္ဂလာဆွမ်းကပ်သည်ကို ချွေးမငယ် နှင်းဝတ်ရည်နှင့် မိဘများက လက်ခံ ကျေနပ်ခဲ့သည်။ သည်တော့ သူတို့ မင်္ဂလာပွဲတွေအတွက် ဘာကြွေးမှ မတင်ရစ်ခဲ့တော့။

 

ဟိုတုန်းက မင်္ဂလာဆောင်
——————————–
မင်္ဂလာပွဲဆိုလို့ အကြောင်း တိုက်ဆိုင်သောကြောင့် သတိရတာ ပြောရဦးမည်။ သည်ဘက် ဆယ်စုနှစ် ဝန်းကျင်တွင် သီတင်းကျွတ်တာနှင့် မင်္ဂလာဆောင်ဖိတ်စာတွေ အလုံးအရင်းနှင့် ရောက်လာတတ်သည်။ ကိုယ်ငယ်ငယ် ကိုယ့်မိဘများဆီ ဝါလကင်းလွတ် သီတင်းကျွတ်လျှင် အခုလောက် မင်္ဂလာဆောင်ဖိတ်စာ လာဖွယ်မရှိခဲ့တာ သေချာသည်။ အဲဒီကာလ ကိုယ့်မိဘကများ လူမှုရေးနည်းပါး ခဲ့လို့လား။ ဒီလိုလည်း မဟုတ်သေး။ ကိုယ့်ထက်တောင် ပေါင်းသင်း ဆက်ဆံရေး ကျယ်ပြန့်တယ် ပြောရမည်။

 

အဘရော အမေရာက ခေါင်းရွက် ဗျက်ထိုး ဈေးသည်တွေ။ အမေကဆိုရင် ဥယျာဉ်တန်း၊ ဒီဘိုးလမ်း၊ မလွန်၊ ရသာတန်း၊ မျက်ပါးရပ်၊ ဗောဒီကုန်းအထိ သူ့ဖောက်သည်တွေ။ မနက်တစ်ဈေး၊ ညနေ တစ်ဈေး ဈေးဗန်း ခေါင်းရွက်ပြီး တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဈေးရောင်းသည်။ သူ့ဖောက်သည်နဲ့ သူက အလုပ်သဘော အရောင်းအဝယ် သဘော ဆက်ဆံရေးသာမျှ မဟုတ်။ ထမင်းစားချိန်တန်လျှင် ရောက်သည့် အိမ်က ခူးခပ်ကျွေးသည်။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နေကြသည်။ အဖေက မြောက်ပြင် တခို ၁၅ လမ်း၊ ၁၄ လမ်းအထိ သူ့ဖောက်သည်တွေ ဖြစ်သည်။ အဘနဲ့ သူ့ဖောက်သည်ဆိုတာလည်း ဆိုးတိုင်ပင် ကောင်းတိုင်ပင်တွေပါပဲ။ ဒီလိုလူနေမှု ဝန်းကျင်မှာလည်း အာဝါဟ၊ ဝိဟာရ ကိစ္စတွေ ရှိကြသည်။
ဒါပေမယ့် ဒီဘက်ခေတ်လောက် လူမှုရေးမှာ ဖိတ်စာမများလောက်ဘူး ထင်သည်။ ဘာကြောင့် မများတာလဲ၊ ပြန်စဉ်းစားလိုက်ပြန်တော့ လူမှုရေးမှာ သူ့အကန့်နဲ့ သူရှိကြတဲ့ သဘောပါ။ အထူးသဖြင့် “သာရေး”အပိုင်းမှာ လိုအပ်မှ ဖိတ်ကြားမည်။ မလိုအပ်ဘဲ အဖိတ်ကြားခံရသူအပေါ်မှာ ဝန်မပိစေချင်တဲ့ သဘောလည်းပါပါသည်။ အဖိတ်ကြား မခံရလို့ မခင်ဘူး၊ မရင်းနှီးဘူး၊ ဂုဏ်ငယ်တယ်လို့လည်း ဘယ်သူကမှ မအောက်မေ့ကြပါ။ သားသမီး အရင်းအချာ မင်္ဂလာဆောင် မယ်၊ ဒီသားသမီးကလည်း ဖိတ်ကြားခံရသူနဲ့လည်း သိကျွမ်းရင်းနှီးတယ်ဆိုမှ ဖိတ်တဲ့သဘောဖြစ်သည်။ တစ်ခုတော့ ရှိတာပေါ့ မြို့မျက်နှာဖုံး၊ ဂုဏ်သရေရှိ အသိုင်းအဝန်း၊ ငွေကြေးတတ်နိုင်တဲ့ မိသားစုဆိုရင်တော့ သူတို့က ရင်းနှီးသူ မှန်သမျှ ဖိတ်ကြားပြီး ကျွေးချင် မွေးချင်ကြသည်။ ဖိတ်စာမှာကိုက “လက်ဖွဲ့ခြင်းသီးခံပါ”ဆိုတာ ရိုက်ထည့်လိုက်သည်။ ပြီးတော့ ကိုယ်တိုင် ဖိတ်ပြီး လာဖြစ်အောင် သေချာမှာကြားသည်။ ကြိုက်သလောက်ထိုင်…၊ ကြိုက်သလောက်စား၊ မင်္ဂလာရှင်က ဝမ်းသာ ပီတိဖြစ်ကြသည်။

 

ကြိုက်တဲ့ အချိန် ကြိုက်သလောက်စား
—————————————
မင်္ဂလာဆောင် ဆိုလျှင်လည်း အဲဒီခေတ်က အိမ်ရှေ့၊ ဒါမှမဟုတ် အိမ်နဲ့ အနီးဆုံး ကွက်လပ်မှာ မဏ္ဍပ်ကြီးထိုးတယ်။ မင်္ဂလာမဆောင်ခင် ၇ ရက်ကြိုပြီး မဏ္ဍပ်တိုင်ထူ၊ ကန်တော့ပွဲထိုး။ အဲဒီရက်ကတည်းက မင်္ဂလာရှင်အိမ်မှာ မင်္ဂလာပွဲအတွက် ပြင်ကြ ဆင်ကြပြီ။ နယ်က အမျိုးတွေလည်း သတို့သား သတို့သမီး အိမ်ကို ရောက်ကုန်ကြပြီ။ ဖိတ်ကြားဖို့အတွက် စီစဉ်ကြပြီ။ ရပ်ကွက်ထဲက လူပျို၊ အပျိုတွေကို လက်ကိုင်ပုဝါလေးနဲ့ ဖိတ်ပြီးပြီ။ မင်္ဂလာဆောင်ဖို့ နီးလာလေလေ လာသမျှလ ူဧည့်ခံရလေလေပါပဲ။ မင်္ဂလာဆောင်နဲ့ နှစ်ရက်ပဲအလိုမှာ မဏ္ဍပ်ဆောက်ပါပြီ။ မဏ္ဍပ်အတွက်လည်း ကန်တော့ပွဲ ထိုးရတာပေါ့။ မဏ္ဍပ်သမားတွေကိုလည်း ကျွေးရမွေးရ သေးတာပေါ့။ အဲဒီအချိန်ထဲက ရပ်ကွက်ထဲမှာ ဖိတ်ကြားထားတဲ့ လူပျို၊ အပျိုတွေက အလုပ်နားပြီး မင်္ဂလာရှင်ရဲ့ အိမ်မှာ လိုတာ ဝိုင်းကူဖို့ ရောက်လာကြပြီ။ ညမှာဆို အောင်သပြေတွေ၊ ရွှေပန်း၊ ငွေပန်းတွေနဲ့ ကမ်းပန်းတွေ စည်းကြပြီ။ လက်ဖွဲ့ပြန်မယ့် ပစ္စည်းတွေ ပြင်ဆင်ကြပြီ။ လက်ဖွဲ့ပြန်တယ်ဆိုတာ မင်္ဂလာဆောင်ကို လာပြီး လက်ဖွဲ့တဲ့ သူတွေအတွက် မင်္ဂလာရှင်တွေက ပစ္စည်းတွေ ပြန်ပြီး လက်ဆောင်ပေးတာပါ။ တချို့ဆိုရင် မျက်နှာသုတ်ပုဝါတွေ ပြန်သည်။ တချို့က ပန်ကန်ပြား၊ ပန်ကန်လုံး၊ အချိုစုံ ပန်းကန်တွေပြန်သည်။

 

နောက်ပိုင်းမှာတော့ မင်္ဂလာ သတို့သား သတို့သမီး နာမည်ပါတဲ့ စက္ကူယပ်တောင်တွေ ကမ်းပါသည်။ ဒါကလည်း စစ်ပြီးခေတ် နောက်ပိုင်း မန္တလေး ဝါးတန်းရပ်က ဦးဘခြုံနဲ့ဇနီး ဒေါ်ဉာဏ်ဉာဏ်တို့က စတင် တီထွင်ခဲ့တယ်လို့ ဆိုပါ၏။ မင်္ဂလာဆောင်မှာ သာမက အလှူမှာပါ ယပ်တောင် ပြန်ကမ်းကြသည်။ ဒီဓလေ့က မန္တလေးနှင့် အတော်လိုက်ဖက် အသုံးဝင်သည့် ဓလေ့ဖြစ်သည်။ ဒါပေမယ့် နောက်ပိုင်းမှာ ယပ်တောင်အစား ပလပ်စတစ်ပန်းနဲ့ ကတ်လေးတွေ၊ ပြက္ခဒိန်လေးတွေ၊ သော့ချိတ်လေးတွေပဲ ပြန်ကမ်းတော့သည်။ ဘာပဲပြောပြော မန္တလေး မင်္ဂလာဆောင်ဆိုတာ အချိန်နဲ့ကျွေး၊ အတိုင်းအတာပမာဏ သတ်မှတ်ချက်နဲ့ပဲ ကျွေးတာမျိုး မဟုတ်ခဲ့ပါ။ ပကာသနမပါဘဲ မိသားစုသဘောမျိုး ပျော်စရာ ရွှင်စရာ၊ အကျိုးအမြတ် မတွက်ဘဲ ဆင်နွှဲကြတဲ့ ပွဲလမ်းဖြစ်သည်။

 

မင်္ဂလာဆောင် စဉ်လာ
—————————–
နောက်ပိုင်းမှာတော့ မဏ္ဍပ်နဲ့ဆောင်ဖို့ လမ်းပိတ်မိန့်ကို မြူနီစီပယ်ဆီ တောင်းခံရ။ မီးရေး ထင်းရေးအတွက် စိုးရိမ်ရတာတွေ များလာတော့ ခန်းမတွေမှာ မင်္ဂလာဆောင်ကြသည်။ မန္တလေး ၂၆ ဘီလမ်း၊ ၈၁လမ်းနဲ့ ၈၂လမ်းကြားမှာ ယူနီဗာဆယ် ကိတ်မုန့်တိုက်ဆိုတာ ရှိသည်။ အဲဒီမှာ ခန်းမရော၊ မိုင်လို၊ အိုဗာတင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကိတ်မျိုးစုံရော တစ်နေရာတည်း အဆင်ပြေတာမို့ ယူနီဗာဆယ်မှာပဲ မင်္ဂလာဆောင်ကြသည်။ ဒါပေမယ့် တီးဝိုင်းလိုမျိုးတော့ ထည့်လို့ မရဘူးပေါ့။ တိတ်ရီကော်ဒါကို ဆောင်းဘောက်၊ စပီကာနဲ့ ဖွင့်တာမျိုးပေါ့။ နောက်ပိုင်း ဈေးချိုနာရီစင်နားမှာ မြို့တော်ခန်းမ ၂ ဆိုတာ ပေါ်ပေါက်လာသည်။ အဲဒီက ကျယ်ဝန်းပြီး တီးဝိုင်းတွေလည်း ထည့်လို့ ရသည်။ နောက်… မြို့တော်ခန်းမ ၃ ဆိုတာလည်း ရှိလာသည်။ မြို့တော်ခန်းမ ၁ ကတော့ အရင် မြူနီစီပယ်ရုံးကြီးနဲ့ တွဲရက်ပေါ့။ နဂိုကတည်းက ရှိပြီးသားပေါ့။ ခန်းမက ကျယ်ဝန်းတာမို့ ဧည့်ပရိသတ် များများဖိတ်ကြားသူ အရာရှိ အရာခံတွေ၊ မြို့မျက်နှာဖုံး မြို့မိမြို့ဖကြီးများ၏ သားသမီးများ မင်္ဂလာပွဲတွေ ကျင်းပသည်။

 

နောက်တော့ ဟိုတယ်ကြီးတွေမှာလည်း ခန်းမတွေ ပါရှိလာတော့ ကိုယ်နိုင်တဲ့ စရိတ်နဲ့ ချိန်ပြီး ငှားကြတသည်။ အခုတော့ မဏ္ဍပ်နဲ့ မင်္ဂလာဆောင်တာ မရှိသလောက် ရှားသွားပါပြီ။ မဏ္ဍပ်နဲ့ မင်္ဂလာဆောင်တဲ့ ကာလမှာပဲ ညနေပိုင်းဥယျာဉ်နှင့် မင်္ဂလာဆောင်တယ် ဆိုတာလည်း ခေတ်စားပါသေးသည်။ လမ်းပေါ်မှာ ဆေးရောင်စုံနဲ့ ဝရံတာလေးတွေ၊ ပေါင်းကူးလေးတွေ၊ ပန်းစင်လေးတွေ ချက်ချင်းဆင်၊ ပန်းအိုးတွေချ၊ မီးတွေဆင်ပြီး ဥယျာဉ်လေ းဖန်တီးကာ စားပွဲ ကုလားထိုင်ခင်း၍ မင်္ဂလာပွဲ ဆင်နွှဲကြသည်။ တတ်နိုင်သူတွေက ဥယျာဉ်မှာ မြားနတ်မောင် ရုပ်လုံးလေးတွေ ရေပန်းတွေပါ ထည့်ဆင်ကြသည်။ထို့ပြင် ဆေးဆိုးထားသော ဆန်စေ့များဖြင့် သတို့သား သတို့သမီးနံမည်များလည်း ပုံဖော် အလှဆင်ကြ၏။
နောက်ပိုင်း မင်္ဂလာဆောင်တွေကတော့ လူမှုရေး သဘောထက် စီးပွားရေးသဘော ဆောင်လာပြီ။ အပေးအယူ သဘော ဆောင်လာပြီ။ တစ်ဖက်နဲ့တစ်ဖက် မကြားစဖူး မင်္ဂလာလက်ဖွဲ့မှာ ကားသော့တွေ အပုံလိုက်၊ အဆောက်အဦး ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းတွေ အထပ်လိုက်၊ စိန်တွေ ရတနာတွေ မျိုးစုံ ဆိုင်တစ်ဆိုင်စာ စသည်ဖြင့် ရကြ။ အဲလို ရနိုင်တဲ့ အနေအထားမျိုးမှာ ချိန်ကိုက် ခါတော်မီ မင်္ဂလာဆောင်ကြတာ ခေတ်စားလာသည်။ လက်ဖွဲ့တွေကလည်း ထောင်မြင်လို့ ရာစွန့်ကြသူချည်း။ အဲဒီတော့ မင်္ဂလာဆောင်တယ် ဆိုတာ အကျိုးအမြတ် ကိစ္စတွေ ဖြစ်လာကြပြီ။ ဒါက လူနည်းစု ကိစ္စလို့ ဆိုပေမယ့်လည်း နောက်ပိုင်း လူတန်းစား အတော်များများမှာကိုပဲ မင်္ဂလာဆောင်ကို အကျိုးအမြတ်သဘော စဉ်းစား လာကြတာကတော့ အစဉ်အဆက် ကောင်းမွေ ဆက်ခံခဲ့ကြတဲ့ “မင်္ဂလာဆောင်စဉ်လာ” ပွန်းပဲ့ ထိပါးသွားစေခြင်းပဲ ဖြစ်ပါ၏။

 

မင်္ဂလာဆောင်လက်ဖွဲ့
—————————-
မင်္ဂလာဆောင်အကြောင်း ပြောလက်စနှင့် ပြောပါဦးမည်။ မြန်မာတို့၏ မင်္ဂလာဆောင်ဓလေ့တွင် လက်ဖွဲ့ခြင်း ဟူသည် ကြင်စဦးဇနီးမောင်နှံ ၂ယောက်အတွက် အိုးအိမ်ထူထောင်ကာစ အထောက်အပံ့ဖြစ်စေခြင်းငှာ ဆွေမျိုး မိတ်သင်္ဂဟတို့က ကိုယ်တတ်နိုင်သည့် အိမ်ထောင်မှုနှင့် ဆက်စပ်ရာ ပစ္စည်းတို့ကို ပေးကမ်းကူညီခြင်း ဖြစ်သည်။ ထိုအစဉ်အလာကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အညာမင်္ဂလာဆောင် လေးချိုးကြီးတွင် တခမ်းတနားတွေ့ရှိ လေ့လာနိုင်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အညာမင်္ဂလာဆောင် လေးချိုးကြီးတွင် ပကာသနမပါ၊ ဂုဏ်ဒြပ်မပါ၊ မင်္ဂလာဦးမောင်နှံ အတွက် ကိုယ်တတ်နိုင်သည်ကို ဆွေမျိုးသားချင်းတစ်စုက စုပေါင်း လက်ဖွဲ့ကြသည့် အစဉ်အလာကို မှတ်တမ်းတင် ထားခြင်း ဖြစ်သည်။

 

 

အလာတူ မန္တလေးတွင် ထူးထူးခြားခြား မင်္ဂလာလက်ဖွဲ့တစ်ခု ရှိခဲ့သည်။ မင်္ဂလာ့ရှင်က သတို့သားဘက်ကရော သတို့သမီးဘက်ကရော ဆွေမျိုးမကင်းသည်သာမက မန္တလေး၏ မြို့မျက်နှာဖုံး သူဌေးသူကြွယ်ဖြစ်သည်။ သူတို့ မင်္ဂလာဆောင်နှင်းသောအခါ ထူးထူးခြားခြား မင်္ဂလာလက်ဖွဲ့ပစ္စည်းတစ်ခုပါလာ၏။ ငွေကြေးမဟုတ်၊ ရုပ်ဝတ္ထု ပစ္စည်းမဟုတ်၊ လက်နှင့်လည်း ဆုတ်ကိုင်ပြလို့မရ။

 

 

နံ့သာထုံအေး၊ ဆီးမွှေး ပန်းသတ်
————————————-
မြန်မာစကားတွင် “ကယုကယင်” ဟူသော စကားလုံးရှိသည်။ တကယ်တော့ ထိုစကားလုံးက ပေါရာဏ စကားလုံးဖြစ်သည်။ အဓိပ္ပာယ်က “သင့်လျော်ကောင်းမွန်၊ ကျွမ်းကျင် လိမ္မာ၊ လျောက်ပတ် တင့်တယ်” ဟူ၍ ဖြစ်သည်။ တွင်းသင်းမင်းကြီး၏ ဘလ္လာတိယ ပျို့တွင် “ နှစ်သက်ဖွယ်မှု၊ မင်းရတု၌ ၊ ကယုကယင် ကျွမ်းဝင်လိမ္မာ” ဟု ပါရှိသည်။ ထိုအပိုဒ်သည် ကယုကယင် ၏ အနက်ဖြစ်သည်။ “ကျွမ်းဝင်လိမ္မာ” တဲ့။ ထပ်မံ၍ အဓိပ္ပာယ်ဖွင့်ဆိုသောအခါ “လျောက်ပတ် တင့်တယ်သည်” တဲ့။ သည်စကားလုံးက မြန်မာမိန်းမပျိုတို့၏ အရည်အချင်းကို ဆန်းစစ် အသိအမှတ်ပြုသည့် ရှေးသုံး စကားလုံးဖြစ်သည်။

 

အဘယ်အရာကို ကျွမ်းဝင်လိမ္မာ ရမည်နည်း။ အဘယ်ကဲ့သို့ လျောက်ပတ် တင့်တယ် ရမည်နည်း။ ထိုမေးခွန်းနှင့် ပတ်သက်၍ ပျို့တွင် ဆက်လက် ရှင်းလင်း ဖွင့်ဆိုထားသည်။ “ နံ့သာထုံအေး၊ ဆီးမွှေး ပန်းသတ်” တဲ့။ မိန်းကလေးများ နံ့သာလိမ်းကျံမှု ၊ ဆံသေသာတွင် ဆီမွှေး လိမ်းကျံမှု ပြုကြသောအခါ ကျွမ်းဝင် လိမ္မာစေ၊ ထို့ပြင် ထိုနံ့သာ ထိုဆီမွှေးတို့ကိုလည်း ကိုယ်တိုင် ကျွမ်းကျင်လိမ္မာစွာ ပြုလုပ်ဖန်တီးနိုင်စေ။ ဤသို့ဆိုသည်။ ရှေးက နံ့သာ ဆီမွှေးဟူသည် အဆင်သင့် ပြုလုပ်ရောင်းချမှု မရှိပေ။ ထို့ကြောင့် ကိုယ်တိုင် ပြုလုပ်မှုတွင် ကနဦးအစ နှမ်းချွတ်ရမည်။ နှမ်းချွတ်သည် ဆိုရာတွင် အမှော်အဖျင်း ကင်း၍ သန့်စင်သော နှမ်းကို နေပြင်းငြင်းတွင် လှန်းရ၏။ နေပြင်းပြင်း လှန်းလိုက်သောအခါ နှမ်း၏ အပေါ်လွှာလေးကျွတ်ကာ ဖြူ၍သန့်သော နှမ်းစေ့ ကိုချည်းရသည်။ ထိုနေလှန်း၍ အပေါ်ခွံကျွတ်သော နှမ်းစေ့ အပူမကုန်မီ သစ်စေးသုတ်ထားသော တောင်းအတွင်း အောက်ခြေတွင် လတ်လတ် ဆတ်ဆတ် စပယ်ပန်းများ ခထည့်ထားသည့် အပေါ်၌ ထိုနှမ်းကို ထည့်ပါလေ။

 

 

ထို့နောက် စပယ်တစ်ထပ် နှမ်းတစ်ထပ် စသည်ဖြင့် ခင်းကာ တောင်းကို အလုံပိတ်စေ၏။ ထိုပန်းများနွမ်းလျှင် ဆန်ခါနှင့် ချကာ နှမ်းကို တစ်ခါ ပြန်လှန်း၊ ပြီးလျှင် နောက်ထပ် စပယ်ပန်းအသစ်တစ်ထပ် စောစောက နေပြန်လှမ်းထားသော နှမ်းတစ်ထပ် စသည်ဖြင့် ၇ကြီမ် ၇လီ ပြုလုပ်ပြီးသောအခါ နှမ်းချည်းယူ၍ လက်ထဲထည့် နမ်းကြည့် ရုံမျှပင် စပယ်ရနံ့ ထုံသင်းနေပေမည်။ ထိုအခါ မင်္ဂလာဆုံတော်တွင် နှမ်းကို ဆီကြိတ်သောအခါ စပယ်ရနံ့ သင်းသော စပယ်ဆီရလေသည်။ ထိုနည်းအတိုင်း မြလေးပန်းနှင့် မြလေးဆီ၊ ဒေါနပန်းနှင့် ဒေါနဆီတို့ ကိုယ်တိုင် ပြုလုပ် တတ်ရမည်။ ထိုဆီမွှေးနှင့် မျက်နှာ ကိုယ်ခန္ဓာ ဆံကေသာတို့ လိမ်းကျံ ပြင်ဆင် ထုံးဖွဲ့ အမြင်တင့်တယ်ပါစေ။ ထိုအရာသည် “နံ့သာထုံအေး၊ ဆီမျွှေးပန်းသတ်၊ လတ်ရရတ်တည့်” ဟု ဆိုလေသောကြောင့် ရွှေနန်းတော်တွင်း အပျိုတော်တို့ အခြေခံအနေနှင့်ပင် တတ်မြောက်အပ်သည်။ အပျိုတော်ဟူသည် အငြိမ့်အပျိုတော်မှအစ မှန်နန်းအပျိုတော် အထိ နေပုံထိုင်ပုံ ပြောပုံဆိုပုံ သွားပုံလာပုံ ဖီးပုံလိမ်းပုံ ဝတ်ပုံစားပုံ ပြင်ပုံဆင်ပုံ ကျက်သရေရှိအောင် နေထိုင်တတ်ရသည်။

 

ထိုမှတဆင့် “နံ့သာထုံအေး၊ ဆီမျွှေးပန်းသတ်၊ လတ်ရရတ်တည့်၊ ရစ်ပတ်ထုံးသင်၊ အသွင်နတ်နှုန်း၊ ချစ်ခင်တုန်းသာ၊ သွေးစုံညက်ဖြူ၊ ရွှေနန်းသူတို့၊ ချစ်မှု ချစ်ရာ၊ ချစ်ပျူငှာနှင့်၊ သံသာညှင်းညှင်း၊ တရွှင်းရွှင်းလျှင်၊ စောင်းညှင်းနှဲပြွေ၊ ကချေသဘင်၊ ပဉ္စင်ပျံ့ဖြည်း၊ အနည်းနည်းဖြင့်၊ ဖျော်လည်းထေ့ထေ့၊ မပျော်မွေ့ခဲ့” ဟူသည် အားလုံး “ကယုကယင်” အောက်က ကိစ္စချည်းဖြစ်သည်။ အပျိုတော်တို့သည် မိန်းမမြတ်တို့ သိအပ် တတ်အပ် ကျွမ်းကျင်အပ်သော ဆီမွှေးတို့ ပြုလုပ်ကာ တင့်တယ်အောင် လိမ်းကျံခြင်းမှသည် ချစ်မှု ချစ်ရာ အချစ်ပျူငှာနှင့် သျှတ္တရအမှု မှာလည်း သိတတ် လိမ္မာရမတဲ့။ ထိုမျှမက တူရိယာတီးခတ်ခြင်း သီချင်းသံသာ တီးခတ် သီဆို ကခုန်ခြင်းလည်း တတ်ရမတဲ့။ ဤသို့ဆိုသည်။ ချုပ်၍ ဆိုရသော် မိန်းမတို့၏ အပြင်အဆင် အနေအထိုင်သာမက အိမ်ထောင့်ရှင်တာဝန်အထိ သိ တတ် ကျွမ်းဝင် ခြင်းသည် “ကယုကယင် (ဝါ) သင့်လျော်ကောင်းမွန်၊ ကျွမ်းကျင် လိမ္မာ၊ လျောက်ပတ် တင့်တယ်” ခြင်းပင် ဖြစ်ပါ၏။

 

 

အင်းဝဇာတိ လက်ဖက်ကုန်သည်
———————————–
ဦးယွန်း+ဒေါ်မိန်းကလေးတို့သည် အင်းဝဇာတိဖြစ်ပြီး မြန်မာမင်းများလက်ထက် အင်းဝတွင် လက်ဖက် အရောင်းအဝယ် လုပ်ငန်းဖြင့် ချမ်းသာသူများ ဖြစ်ကြသည်။ ဦးယွန်း+ဒေါ်မိန်းကလေးတို့တွင် (၁) ဦးသာ၊ (၂) ရေတွင်းဒကာ ဦးစိုး(ဒါးတန်းဦးသန့်ဖခင်)၊ (၃) ဟင်္သပဒါး ဦးကျော်၊ (၄) ) ဦးလှိုင်၊ (၅)ဒေါ်ဇင်၊ (၆) ဒေါ်သင်၊ (၇) ဒေါ်ခင်၊ (၈) ဦးသိန်း ဟူ၍ သားသမီး ရှစ်ဦးရှိရာ သမီး တစ်ယောက် ဆုံးပါး သွားခဲ့သည်။

 

 

ဒေါ်မိန်းကလေးသည် မန်္တလေးမြို့ပေါ်တွင် ဇရပ်ဆောင်ပေါင်း ၂၆-ဆောင် လှူဒါန်းခဲ့သောကြောင့် ဇရပ်အမကြီး ဟု မန်္တလေးမြို့က ခေါ်ကြသည်။ ဦးယွန်း+ ဒေါ်မိန်းကလေးတို့မိသားစုသည် ဆန်တစ်တင်းခွဲချက် ဆွမ်းဟင်း ခွက် ၃၀၀-ခန့်ဖြင့် နေ့စဉ်ဆွမ်းလောင်း လှူကြသလို အခါအား လျော်စွာ ကြုံကြိုက်လာသော အလှူများကိုလည်း ရက်ရက်ရောရော လှူဒါန်းလေ့ရှိကြသည်။ ဦးယွန်း+ဒေါ်မိန်းကလေးတို့သည် စီးပွားရေးလည်းအောင်မြင် သမာသမတ်လည်းကျ သဒ်္ဓါတရားလည်း ကောင်းကြသောကြောင့် မြို့မိ မြို့ဖလိုပင် ဖြစ်နေကြတော့သည်။ မစိုးရိမ်ကျောင်းဒါယကာကြီး ဦးသက်ရှည်နှင့် ခမည်းခမက်လည်း တော်စပ်ကြသည်။ ထိုစဉ်က အလှူပွဲကျင်းပမည့် သူများသည် ဦးယွန်း+ ဒေါ်မိန်းကလေး တို့ အားသည့်ရက်ကို အလှူရက်သတ်ကာ အလှူပွဲ ကျင်းပကြသည်။ အလှူပွဲတိုင်း ဦးယွန်း+ ဒေါ်မိန်းကလေး တို့ မပါလျှင် မပြီးဆိုသလိုပင် ဖြစ်နေသည်။

 

ဇရပ်အမကြီးသား၊ ရေတွင်းဒကာ
————————————
မန္တလေးတွင် ရတနာပုံခေတ်ကတည်းက မြို့လူထု သောက်ရေသုံးရေအတွက် ကျုံးတော် နှင့်အတူ ရတနာနဒီမြစ်၊ ရွှေလောင်းချောင်း၊ ရွှေတချောင်း၊ ငွေတချောင်း၊ သေနတ်ဝန်ကြီးမြောင်း စသည်ဖြင့် ရေပေးဝေမှု ရှိသည့်နည်းတူ ရပ်ကွက်တိုင်းစေ့တွင်လည်း ရေတွင်းကြီးများ တူးဖော်ပေးခဲ့သည်။ အင်္ဂလိပ်ခေတ်ရောက်သောအခါ အဝီစိရေတွင်းများ ထပ်မံတူးဖော် ရေပေးခဲ့သော်လည်း ရပ်ကွက်များ ဝင်းများအတွင်းရှိ ရေတွင်းကြီးများက အသုံးတည့် ထိရောက်ခဲ့သည်။ ထိုအချိန် တိုးတက်များပြားလာ လူနေရပ်ကွက်နှင့် လူဦးရေအတွက် နောက်ထပ်ရေတွင်းကြီးများ တူးဖော် ကုသိုလ်ယူရာတွင် ထင်ရှာသောကြောင့် ဦးယွန်း ဒေါ်မိန်းကလေးတို့၏ သား ဖြစ်သူ ဦးစိုး ကလည်း ရေတွင်း ဒကာကြီးဟု ဘွဲ့ထူးရခဲ့၏။
ဦးယွန်းနှင့် ဒေါ်မိန်းကလေး တို့က သားငါးယောက် သမီးသုံးယောက် ပေါင်း သားသမီး ၈ယောက် ထွန်းကားသည့် အနက် ရေတွင်းဒကာကြီးဦးစိုး၊ ဟင်္သပဒါးကျော် နှင့် ဆီသိန်း (ဦးသိန်း ရတနာပုံဆီစက်) သားသုံးယောက်တို့သည်လည်း မိခင် ဇရပ်အမကြီး ဒေါ်မိန်းကလေးကဲ့သို့ပင် မန်္တလေးသမိုင်း၌ ထင်ရှားသော ပုဂ်္ဂိုလ်များ ဖြစ်ကြသည်။ ရတနာပုံဆီစက်သူဌေး ဦးသိန်း၏ ဇနီး ဒေါ်ဒေါ်ဝိက မစိုးရိမ်ကျောင်းတိုက်ဒကာကြီး ဦးသက်ရှည်၏ သမီးဖြစ်သည်။ မွေးချင်းများ၏ အမည်များမှာ ဦးသာ၊ ဦးစိုးလေး၊ ဦးကျော်(ဟင်္သပဒါး)၊ ဒေါ်ဇင်၊ ဒေါ်ခင်၊ ဒေါ်သင်၊ ဦးလှိုင်၊ ဦးသိန်း(ရတနာပုံ) ဟူ၍ ဖြစ်သည်။

 

 

ရေတွင်းဒကာကြီး သစ်ကုန်သည်သူဌေး ဦးစိုးလေးနှင့် ဒေါ်ပုတို့က ၁၂၆၈-ခု တပို့တွဲလဆန်း (၆) ရက်နေ့တွင် မန်္တလေးမြို့ ဓားတန်းဝင်း၌ နောင်တွင် ဓားတန်းဦးသန့်ဟု ထင်ရှားလာမည့် သား မောင်သန့် ကို မွေးဖွားခဲ့သည်။ ဦးစိုးလေး ၃၆နှစ်အရွယ်တွင် ၁၆နှစ်သမီး ဒေါ်ဒေါ်ပုနှင့် အိမ်ထောင်ပြုသည်။ သီပေါမင်းပါတော်မူစဉ်က ဒေါ်ဒေါ်ပုမှာ ၉လသမီးသာရှိသေးသည်။ ဦးစိုးလေးနှင့် ဒေါ်ဒေါ်ပုတို့မှာ မန္တလေးနှင့် စစ်ကိုင်းရှိ ခေမာသီဝံကျောင်းတိုက်၏ ဒကာ ဒကာမများဖြစ်သည်။ ဦးစိုးလေးနှင့် ဒေါ်ဒေါ်ပုက သားသမီး ၅ယောက်ထွန်းကားရာ အကြီးဆုံးသား ကိုချစ်က ၁၆နှစ်သားတွင် ကွယ်လွန်ပြီး ဒုတိယသား ကိုလှမောင်က ၉နှစ်သားတွင် ကွယ်လွန်သည်။ ထို့အတူ တတိယသမီး မကြည်က ၁၈နှစ်သမီးနှင့် စတုတ္ထသမီး မဇွန်းက ၁၄နှစ်သမီးတွင် တစ်ရက်သာခြားပြီး ပလိပ်ရောဂါဖြင့် ကွယ်လွန်သောကြောင့် ပဉ္စမမြောက်သား ကိုသန့်(ဓားတန်းဦးသန့်) တစ်ယောက်သာ သက်ရှည် ကျန်းမာစွာ အဖတ်တင် ကျန်ရစ်သည်။

 

 

သူဌေး (သို့မဟုတ်) အာဂအနုပညာရှင်
—————————————
ဓားတန်းဦးသန့် ၂၂နှစ်သားအရွယ် ၁၉၂၈ခုနှစ်တွင် အမရပူရမြို့တရုတ်တန်းရပ် ပိုးကုန်သည်ဦးလှနှင့် ဒေါ်ဒေါ်ကြိမ်တို့၏ ဒုတိယသမီး ဒေါ်အေးမြင့်နှင့် အိမ်ထောင်ပြုရာ ညွန့်ညွန့်၊ ကိုကိုကြီး၊ ရီရီ၊ ကိုသန်းထွဋ်၊ ကိုကျော်ညွန့်၊ ကိုမြင့်သိန်း၊ ကြင်ကြင်၊ စန်းစန်းနှင့် နွယ်နွယ်တို့ သားသမီး၉ယောက် ထွန်းကားခဲ့သည်။ ဒါးတန်းဦးသန့်သည် ငယ်စဉ်ကတည်းက ပစ္စည်း ဥစ္စာ ကုံလုံကြွယ်ဝသည်နှင့်အမျှ ဝါသနာသန်ရာ အနုပညာများကို နောက်ဆံမငင်ဘဲ လိုက်စားခဲ့သည်။

 

ဦးယွန်း ဒေါ်မိန်းကလေးတို့၏ သားတစ်ယောက်ဖြစ်သော ဦးကျော် မှာလည်း ဟင်္သပဒါးကျော်ဟု လူသိများသည့် သူဌေးတစ်ဦး ဖြစ်သည်။ “ဟင်္သပဒါး” ဆိုသည်မှာ ဟင်္သာ၏ ခြေအဆင်းကဲ့သို့ နီသော အရောင်ခြယ်ဆေးမှုန့်တစ်မျိုးဟု မြန်မာအဘိဓာန်က ဆိုပါသည်။ ဟင်းရိုင်းမှ ထုတ်လုပ်ရရှိသည့် ပြဒါးနှင့် ကန့်ဒြပ်ပေါင်းဖြစ်သည် ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုသည်။ ဟင်္သပဒါးသည် မြန်မာမှုကဏ္ဍတွင် မပါမဖြစ် ပစ္စည်းဖြစ်၏။ ယွန်းထည်ကအစ၊ မှန်စီရွှေချ နိဗ္ဗာန်ကုန်များ အလယ်၊ နန်းတော်၊ အိမ်တော်၊ ဘုန်းကြီး ကျောင်း၊ ဘုရားဆောင်ကြီးများအထိ၊ ဟင်္သပဒါးကို သုံးကြရပသည်။ ထိုဟင်္သပဒါး လုပ်ငန်း ရောင်းဝယ်ဖောက်ကားမှုဖြင့် ဦးကျော်က စီးပွားဖြစ်သည်။ မန္တလေး၏ သူဌေးကုန်သည်လောကတွင် ဦးကျော် အမည်တူများ ရှိသောကြောင့် ဦးယွန်း ဒေါ်မိန်းကလေးတို့၏ သားကို ဟင်္သပဒါးဦးကျော်၊ ဟင်္သပဒါးကျော် ဟု ထင်ရှားစေခဲ့သည်။

 

လျောက်ပတ် တင့်တယ်ရွေးချယ် မျိုးနွယ်တူဆွေ
———————————————————
နောက်ထပ် သားတစ်ဦးဖြစ်သူ ဦးသိန်းကလည်း ဆီလုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝသောကြောင့် ဆီဦးသိန်းဟု ထင်ရှားပြန်သည်။ ဦးသိန်းက ရတနာပုံဆီစက်ပိုင် ဖြစ်သောကြောင့် ရတနာပုံ ဦးသိန်းဟုလည်း လူသိများသည်။ ဦးသိန်းက ဆီစက်နှင့် စားဆီလုပ်ငန်းတွင် ကျွမ်းကျင်သည်သာမက သမာသမတ်ကျလှသောကြောင့် ဆီနှင့် ပတ်သက်သော ဈေးနှုန်း အဆုံးအဖြတ် အရည်အသွေး အဆုံးအဖြတ်များအထိ ဦးဆောင် ဖြေရှင်း သတ်မှတ်ပေးရသည် အထိ ထင်ရှားသည်။ ဆီဦးသိန်းနှင့် ပတ်သက်၍ မြို့ခံများအကြား ပြောစမှတ်ရှိသော တစ်ခုမှာ သူ၏ အိမ်တွင် မွေးမြူထားသော ခွေးကြီးများကို ရွှေသွားများစိုက်ပေးထားသတဲ့။ ထို့ကြောင့် ထိုခေတ်က ကျားကျား မမ ရွှေသွားစိုက်ကြခြင်း ခေတ်စားသောအခါ ရွှေသွားတဝင်းဝင်းနှင့် သူတွေ့လျှင် “ဟာ.. ဦးသိန်းခွေးကြီးဟ” ဟု စပြောင် ကျီစယ်ကြသည်။ ထို့ပြင် ထိုစဉ်က မြင်ပွဲများလည်း ခေတ်စားသောကြောင့် ဦးသိန်းက သူ၏ခြံတွင် ပြိုင်မြင်းများလည်း ကိုယ်ပိုင် မွေးမြူထားသည်။

 

နောက်ထပ် အမှတ်တရ တစ်ခုမှာ ဦးသိန်း၏သား သတို့သား မောင်ခင်မောင်နှင့် တူဖြစ်သူ ဓားတန်းဦးသန့်၏ သမီးကြီး မမညွန့် က ၁၉၅၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မင်္ဂလာဆောင်သောအခါ မင်္ဂလာလက်ဖွဲ့အဖြစ် အနုပညာရှင်ကြီး မြို့မငြိမ်းက သူ့အရင်းနှီးဆုံး မိတ်ဆွေလည်းဟုတ် ဆရာလည်းဟုတ်သော ဓားတန်းဦးသန့်၏ သမီး မင်္ဂလာပွဲအတွက် သီချင်းတစ်ပုဒ် ရေးစပ်ခဲ့သည်။ သီချင်း အမည်က “မင်္ဂလာမောင်မယ်” ဖြစ်ပါ၏။ မြို့မတူရိယာအသင်းက သီဆိုတီးမှုတ်ခဲ့သော “မင်္ဂလာမောင်မယ်” သီချင်းတွင် “မိဘဝတ္တရား၊ ချီးမြှင့်အပ်သော အရွယ်ပေ… လျောက်ပတ် တင့်တယ်၊ ရွေးချယ် မျိုးနွယ်တူဆွေ၊ သုဘဒြအခါ မင်္ဂလာရက်၌လေ.. စုလျားရစ်ခွေ ဇောတိရသ်၊ ပတ္တမြား နိတုံရွှေ၊ မင်္ဂလာ စုပေါင်းကျက်သရေ၊ ရှိကြောင်း ဆုချွေ လိုရာ အဖြာဖြာ၊ အောင်ပါစေ မောင်မယ်တွေ၊ မြို့မ အေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့ အောင်သံပေ အေးမြမြသာပေါ့၊ သာပေါ့ဆွေ..” ဟု သတို့သမီးက ‘လျောက်ပတ်တင့်တယ် (ဝါ) ကယုကယင်’ တတ်ကျွမ်းကျင်သည် ဟု ထီးဆန် နန်းဆန် ထီးဟန် နန်းဟန် ထီးဓလေ့ နန်းဓလေ့ ပါအောင် ရေးစပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသီချင်းမှာ ယခုအချိန်အထိ မင်္ဂလာဆောင်တွင် အမြဲသီဆိုလေ့ရှိသော ဂန္ထဝင်မြောက် သီချင်းတစ်ပုဒ် အဖြစ် ကျန်ရစ်ခဲ့ပါပြီ။

 

ဤကား မန္တလေးက မင်္ဂလာပွဲတစ်ပွဲ၏ မင်္ဂလာလက်ဖွဲ့ပစ္စည်းတစ်ခုက ဂန္ထဝင်မြောက် အမျိုးသားအမွေအနှစ် အဖြစ် ကျန်ရစ်ခဲ့ခြင်းဖြစ်ပါ၏။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW