သာယာဝတီ၊ ဇွန် ၁၈ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးဟောင်းကနေ မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုမှာ ထောင်ဒဏ်ခြောက်လ ကျခံဖို့ သာယာဝတီခရိုင်တရားရုံးက မနေ့(ဇွန် ၁၇ ရက်)က အမိန့်ချမှတ်လိုက်ပါတယ်။
လက်ရှိ သာယာဝတီ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အရင်က ပဲခူးတိုင်းစည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမောင်မောင်လွင်က မြို့နယ်NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဂျာလေး(ခ)ကိုဝင်းထွန်းဇော်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂ရက်က ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့ပါတယ်။
ဦးမောင်မောင်လွင်ဟာ စည်ပင်ဝန်ကြီးဖြစ်စအချိန်က ပဲခူးမြို့ရှိအမှိုက်ပုံကိုရှင်းလင်းဖို့ စက်ယန္တရားငှားရမ်း စရိတ် သိန်းသုံးဆယ်ထဲက အမှိုက်သယ်ယူခ ဆယ်သိန်းမပေးတဲ့အကြောင်း အကောင့်တစ်ခုက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တာကို ကိုဂျာလေး (ခ)ကိုဝင်းထွန်းဇော်က ကူးယူဖော်ပြခဲ့သလို ဝန်ကြီးမသမာမှုလုပ်နေတယ်ဆိုတဲ့အကြောင်း စွပ်စွဲခဲ့တဲ့အတွက် ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဂျာလေး (ခ)ကိုဝင်းထွန်းဇော်ကတော့ “ကျနော့်ကို အမိန့်ချတာက လူမှုကွန်ယက်မှာ တစ်ဘက်သား သိက္ခာကျအောင် တင်တာတွေ့လို့ အမိန့်ချတာမဟုတ်ဘူး။ အဲဒီအချိန်က နာမည်ကြီးသတင်းဖြစ်နေလို့ Note Application ထဲမှာ ဒိုင်ယာရီသဖွယ် ကူးယူထားတာကို တရားလိုဘက်က တင်တဲ့ သက်သေခံစာသားနဲ့တူလို့ တရားစွဲခံရတာပါ။ အဲ့ဒီ စာသားကိုလည်း တခြားစာနင်းဇင်း တစ်ခုက ကူးယူထားတာပါလို့ သက်သေခံတင်ပြထားပါတယ်။ CIDကလည်း ဒါကို မတွေ့ကြောင်းနဲ့ မှတ်စုထဲမှာသာ တွေ့ရှိကြောင်း အကြောင်းပြန်ခဲ့ပါတယ်။” လို့ ပြောဆိုပါတယ်။
အဲဒီတရားစွဲဆိုမှုအတွက် မြို့နယ်တရားရုံးက ရုံးတက်ရုံးဆင်းထောင်ဒဏ်နဲ့ ငွေဒဏ်သုံးသိန်း ကျခံဖို့ အမိန့်ချခဲ့တာကို စည်ပင်ဝန်ကြီးဟောင်းက ကျေနပ်မှုမရှိတဲ့အတွက် ပြင်ဆင်ချက်နဲ့ဆက်လျှောက်ခဲ့ရာမှာ ထောင်ဒဏ် ၆ လ ကျခံဖို့ ခရိုင်တရားရုံးက အခုလို အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားစွဲခံရသူ မိသားစုဝင်တွေကတော့ မြို့နယ်တရားရုံက အမိန့်ချပြီးသားကို ခရိုင်မှာ ထပ်မံအမိန့်ချတဲ့အတွက် တရားဥပဒေအရ ဆက်လက် အယူခံလျှောက်ထားမယ်လို့ ဆိုပါတယ်။
#voiceofmyanmar # စည်ပင်ဝန်ကြီးဟောင်း # မြို့နယ် NLDပြန်ကြားရေးကို ၆၆(ဃ)နဲ့ တရားစွဲ # ခရိုင်တရားရုံးကထောင်ဒဏ်၆လအမိန့်ချ #ပဲခူး #သာယာဝတီ