စစ်တွေ၊ ဒီဇင်ဘာ၁-၂၀၁၈
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ်အတွင်းက ပြည်ပနိုင်ငံတွေဆီ လူတွေကို အစုလိုက်အပြုံလိုက် တရားမ၀င်ပို့ဆောင်ပေးနေတဲ့ လူပွဲစား ၅ ဦးကို စစ်တွေမြို့မှာ ဖမ်ဆီးလိုက်တာဖြစ်ပါတယ်။
အဲဒီလူပွဲစား ၅ ဦးတို့ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က တနင်္သာရီတိုင်းကနေ ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးတို့ကို မလေးရှားနိုင်ငံကို ပင်လယ်လမ်းကြောင်းကနေ တရားမ၀င်ပို့ဆောင်ပေးခဲ့သူတွေဖြစ်ပြီး မနေ့ကစစ်တွေမြို့နယ် သဲချောင်းကမ်းခြေကိုရောက်တဲ့အချန်မှာ ၄ ဦးကိုဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
“မနေ့က သူတို့ကိုလွဲပြောင်းပေးတဲ့အချိန်မှာ စက်လှေမှာပါလာတဲ့ ၄ ယောက်ကိုဖမ်းဆီးလိုက်တယ်။ အဲဒီမှာ စက်လှေပိုင်ရှင်နဲ့ စက်လှေမောင်းသူတွေပါတယ်။ နောက်တစ်ယောက်ကတော့ ၂၇ ရက်နေ့ကနေ စစ်တွေမြို့မှာ ဖမ်းဆီးလိုက်တာပါ။”ဟု ရဲတပ်ဖွဲ့ကပြောသည်။
ဖမ်းဆီးခံထားရတဲ့ တရားမ၀င်လူကုန်ကူးသူတွေကတော့ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာနဲ့ သဲချောင်းကျေးရွာမှာနေထိုင်တဲ့ ဘင်္ဂါလီတွေဖြစ်ပြီး ဆော်လိမ်၊ ဟာမိတ်အူဆောင်း၊ ရာဘီအူလာ၊အဒူရာမန်၊ ဟိုဘီရာမောတို့ဖြစ်ကြပါတယ်။
“သူတို့က အဲဒီလူတွေကို ဘယ်နိုင်ငံပဲဖြစ်ဖြစ် တစ်နိုင်ငံကိုရောက်အောင်ပို့ပေးရမယ်။ ပွဲစားခကတော့ မတူဘူးပေါ့။ ကလေးက ၄သိန်း၊ လူကြီး ၇ သိန်းပေးရတယ်လို့ ပြောတယ်။ အခုပြန်ပို့တဲ့ ၉၃ ယောက်ထဲမှာတော့ ကလေး ၃၂ ယောက်၊ အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး ၃၃ ယောက်ပေါင်း ၉၃ ယောက်ဖြစ်ပါတယ်။”ဟု ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီတရားမ၀င်လူကုန်ကူးသူ ၅ ဦးကိုတော့ စစ်တွေမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ နဲ့ အရေးယူထားပြီး လူကုန်ကူးခံရသူတွေကိုတော့ သူတို့ရဲ့ကျေးရွာတွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂါလီ ၁၀၆ ဦးကိုတော့ ပေါက်တောမြို့နယ် အနောက်ရဲဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဆာဘေ (ဘ) ဦးအီဆလင် ၃၅ နှစ်၊ အဘူဆော်ယော် (ဘ) ဦးနိုရာလောင် ၃၉ နှစ်တို့က ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကိုလည်း ဖမ်ဆီးအရေးယူထားတာဖြစ်ပါတယ်။