အလုပ်သမားဝန်ကြီးအသစ် ခန့်ထားပေးဖို့ အလုပ်သမားများ တောင်းဆို

မန္တလေး၊ ဒီဇင်ဘာ ၉၊ ၂၀၁၈။

လင်းလင်း (VOM)

 

မန္တလေးတိုင်းဒေသကြီးမှာ အလုပ်သမားဝန်ကြီး အသစ် ခန့်အပ်ပေးရေး အပါအဝင် အလုပ်သမားရေးရာကိစ္စရပ်တွေကို တာဝန်ရှိသူတွေက အလေးထားဆောင်ရွက်ပေးဖို့ အလုပ်သမား ၄၀၀ ကျော်က ဒီနေ့မနက် မန္တလေးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

NLD အစိုးရလက်ထက်မှာ လက်ရှိဖြစ်ပွားနေတဲ့ အလုပ်သမားပြသနာတွေနှင့် ပတ်သက်ပြီး မပြေလည်မှုများပြားနေကြောင်း၊ အခုလိုဖြစ်ပွားရတာဟာ တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးရဲ့ ဖြေရှင်းပေးမှု အားနည်းနေတယ်လို့ သုံးသပ်ရတဲ့အတွက် အလုပ်သမားဝန်ကြီးအသစ် ခန့်ထားပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။

 

အလုပ်သမားကိစ္စတွေကို သီးသန့်ကိုင်တွယ်ပေးနိုင်ဖို့ အပြင် အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရေး သမဂ္ဂခေါင်းဆောင်တွေကို အလုပ်မှ ထုတ်ပယ်မှု ရပ်တန့်ရေး၊ စက်ရုံအလုပ်ရုံတွေကို ဥပဒေနှင့်အညီ စစ်ဆေးပေးရေး၊ ILO ပြဌာန်းချက် ၉၈ချက်ကို အစိုးရမှ လက်မှတ်ရေးထိုးပေးရေး၊ အဂတိလိုက်စားမှု ပပျောက်ရေးတို့ကို တောင်းဆိုခဲ့ ကြတာလည်း ဖြစ်ပါတယ်။

 

“ဝန်ကြီးတွေ အားနည်းရတဲ့အထဲ ဥပဒေကိုပါ မပြင်ဆင်နိုင်တဲ့ ခါကျတော့ ကျွန်တော်တို့အလုပ်သမားတွေက တော်တော်လေးကို အခက်အခဲဖြစ်နေတဲ့ အနေအထားရှိပါတယ်” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၅ခုနှစ်နောက်ပိုင်းကနေ ဒီနေ့ထိ အလုပ်ရှင် အလုပ်သမားအရေး ပြသနာဖြစ်ပွားမှု ၇၀ကျော်ရှိခဲ့ပြီး အစိုးရအဖွဲ့မှ အကောင်းဆုံး ဖြေရှင်းနိုင်တဲ့ ပြသနာတွေ ရှိခဲ့ပေမယ့် သုံးပုံနှစ်ပုံခန့်မှာ ဖြေရှင်းပေးနိုင်မှု အားနည်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“အဓိကကတော့ တိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပါတီရဲ့ ဦးဆောင်နေတဲ့သူလည်း ဖြစ်တယ်။ ဒု- ဥက္ကဌလည်းဖြစ်တယ်။ ဖွဲ့စည်းပုံအရဆိုရင် ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးမဆောင်နိင်ဘူး။ အဲဒီခါကျတော့ ပါတီမှာ အလုပ်သမားရေးရာ မူဝါဒ အရမ်းအရေးကြီးနေတယ်လို့ ကျွန်တော်တို့မြင်တယ်။ ဒါပေမဲ့ ပါတီရဲ့ ဒုဥက္ကဌကိုယ်တိုင် ဝန်ကြီးချုပ်ဖြစ်နေတဲ့ နယ်မြေမှာ အလုပ်သမားပြသနာတွေက မြင်မကောင်းအောင် ပွထလာတာတော့ ကျွန်တော်တို့အဆင်မပြေဘူး” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

 

ဆန္ဒထုတ်ဖော်မှုကို အေးသုခလမ်းမှာရှိတဲ့ MICS ရုံးကနေ မနော်ရမ္မံပန်းခြံအထိ အလုပ်သမားအင်အား၄၀၀ ခန့်နဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW