ကျောက်တော်မြို့နယ်အတွင်း ကျေးရွာသုံးရွာက စစ်ဘေးရှောင် ၁၀၀ ဝန်းကျင်ရောက်ရှိ

ကျောက်တော်၊ ဒီဇင်ဘာ ၂၀-၂၀၁၈

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်အတွင်းက ကန်ဇောက်ကျေးရွာကို ကျေးရွာသုံးရွာက စစ်ဘေးရှောင် ၁၀၀ ဝန်းကျင်တို့ မနေ့က မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ ရောက်ရှိခိုလှုံနေကြတာဖြစ်ပါတယ်။

အဲဒီကျေးရွာသားတွေဟာ အခုလအတွင်း ကျောက်တော်မြို့နယ် သလူချောင်းအထက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

“စစ်ဘေးရှောင်တွေ မနေ့က မနက်ပိုင်းမှာ ရွာကိုရောက်လာခဲ့ကြပါတယ်၊ သလူချောင်းအဖျားမှာရှိတဲ့ ခရုမော်၊ တောင်ပေါက်၊ ချင်းမဝန်တောင်း အဲဒီရွာသားတွေဖြစ်ပါတယ်၊ လောလောဆယ်တော့ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ နေထိုင်နေကြပါတယ် ”လို့ ကန်ဇောက်ကျေးရွာသား ကိုစိုးမိုးထွန်းကပြောပါတယ်။

လက်ရှိမှာတော့ အဲဒီလူတွေဟာ စားရေးသောက်ရေးတွေကို မိမိအစီအစဉ်နဲ့ဖြေရှင်နေကြရတာဖြစ်ပြီး အကူအညီတွေပေးနိုင်ရေးအတွက် ကန်ဇောက်ကျေးရွာသားတွေ အစည်းအဝေးပြုလုပ်နေကြတယ်လို့ ပြောပါတယ်။

“ထွက်ပြေးလာတာက စစ်ပွဲတွေဖြစ်နေတဲ့နေ့ကနေ ရောက်နေကြတာပါ၊ မနေ့ကတော့ ၆၀ လောက်အစုလိုက်ရောက်လာတာပေါ့၊ စောစောရောက်နေတဲ့သူတွေကတော့ မိသားစုတွေရှိတဲ့နေအိမ်တွေမှာ နေနေကြပါတယ်၊ အများဆုံးကတော့ ကလေးတွေဖြစ်ကြပါတယ် ”လို့ ကိုစိုးမိုးထွန်းကပြောပါတယ်။

ကန်ဇောက်ကျေးရွာကို ထွက်ပြေးရောက်ရှိလာခဲ့ကြသူတွေဟာ ရခိုင်လူမျိုးတွေဖြစ်ကြပြီး ၁၈ ရက်နေ့က သလူချောင်းအထက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရဟတ်ယာဉ်တွေနဲ့တိုက်ခိုက်မှုကြောင့် ကျေးရွာတွေမှာမနေရဲဘဲ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar#ကျောက်တော်မြို့#စစ်ဘေးရှောင်၁၀၀ဝန်းကျင်ရောက်ရှိ#

 

Related posts

Leave a Comment

VOM News

FREE
VIEW