မန္တလေး၊ ဒီဇင်ဘာ ၂၆-၂၀၁၈
ဟိန်းကို(VOM)
ပြင်ဦးလွင်ခရိုင်အတွင်းက ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ နေထိုင်မှုပုံစံတွေကို ဝေဖန်ရေးသားထားတဲ့ “ဇီးပင်ကြီး စစ်တမ်း” နဲ့ပက်သက်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ဘက်ကရှင်းလင်းပွဲကို ယနေ့ ဒီဇင်ဘာ၂၆ရက်နေ့မှာ ပြုလုပ်မယ်လို့ သတင်းမီဒီယာသမားတွေကို ဖိတ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ရှင်းလင်းပွဲပျက်သွားခဲ့ပါတယ်။
” ကျွန်တော်တို့ ရှင်းလင်းပွဲပျက်ရတာက အဲ့ဒီအတွက်လည်း အားနာပါတယ် မီဒီယာစင်တာမှာ ကျွန်တော်တို့ရှင်းလင်းပွဲအတွက် လွတ်လိုက်တဲ့ ကားရောက်ပြီးကာမှ ခုလိုမလုပ်ဖြစ်ပဲဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်လို့ ” ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် စီမံဌာနမှ ဒု-ပါမောက္ခချုပ် ဦးဇော်ဇော်ကပြောပါတယ်။
ရှင်းလင်းပွဲကို သတင်းမီဒီယာအချို့ထဲမှာမှ ဆိုင်ကယ်နဲ့သတင်းယူဖို့လာတဲ့ သတင်းထောက် မခင်နှင်းဝေ က ” ညီမတို့က ဆိုင်ကယ်နဲ့သွားတော့ အခက်အခဲတော့ရှိတာပေါ့ ဝေးပြီးအန္တရာယ်လည်းများတာကြောင့်ရယ်ပေါ့ ၊ အဲ့ဒီကျောင်းရှေ့ကိုရောက်တော့ အဲ့ကျောင်းဂိတ်ပေါက်မှာ ဆရာတစ်ယောက်ရှိတယ်လေ အဲ့ဆရာ ပြောတာက အထက်ကနေပြီးတော့ သတင်းစာရှင်းပွဲမလုပ်ခိုင်းလို့ပြောတာပေါ့ အဲ့အကြောင်းကို တရားဝင်ဖြေပေးဖို့ပြောတော့ သူကတရားဝင်တော့မပြောဘူးလို့ ပြောတယ်၊ လာပြီးမှခုလိုပွဲပျက်တယ်ဆိုတော့ အဆင်မပြေဘူးပေါ့ ” လို့ပြောပါတယ်။
ပြည်သူတွေသိသင့်သိထိုက်တဲ့ အချက်တွေကို သူတို့ဘက်က ရှင်းပြဖို့ လိုအပ်တယ်လို့မြင်ပြီး နှစ်ဖက်ကရှင်းမှ ပြည်သူတွေကသိမှာလည်းဖြစ်ပြီး ခုလိုသူတို့ဘက်က ရှင်းလင်းပွဲဖျက်လိုက်တာကိုတော့ ဘာကြောင့်လဲတော့မသိပါဘူး လို့ မခင်နှင်းဝေ က ဆက်ပြောခဲ့ပါတယ်။
#voiceofmyanmar#ဇီးပင်ကြီး#ရှင်းလင်းပွဲပျက်#