ဟားခါးမြို့ဧရိယာ တိုးချဲ့နေမှုအပေါ် မကျေနပ်လို့ ဆန္ဒပြ

ဟားခါး ဇန်န၀ါရီ ၂၅-၂၀၁၉

မိုင်ချယ်ရီ ( VOM)

ချင်းပြည်နယ်ဟားခါးမြို့ ရဲ့ မြို့ဧရိယာကို   ဧက (၂၈၀၀၀) အဖြစ် တိုးချဲ့ခြင်းကို သဘောမတူ ကန့်ကွက်တဲ့ အနေနဲ့ ဟားခါးမြို့ခံ ပြည်သူ ၅၀၀လောက်ဟာ  ဒီနေ့ နံနက် ၁၀ နာရီ အချိန်ကနေ စတင်ပြီးတော့ ဟားခါးမြို့မှာ စီတန်းလှည့်လည်လမ်းလျှောက် ဆန္ဒဖော်ထုတ် တောင်းဆိုမှု တွေ ပြုလုပ်နေကြပါတယ်။

ဆန္ဒပြသူတွေဟာ တရားဥပဒေစိုးမိုးရေး ၊ တိုင်းရင်းသားတောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး   ၊တောင်သူလယ်သမားများ ဘ၀ မြှင့်တင်ရေး ၊ ချင်းပြည်နယ် အစိုးရက နိုင်ငံတော်မှ ချမှတ်ထားသော မြေယာဥ့ဒေ မူဝါဒ လမ်းညွန်ချက်ကို အပြည့်အ၀ ကျင့်သုံးရေး ၊ပွင့်လင်းမြင်သာမှု မရှိသော မြို့ပြစီမံကိန်းများအား အလိုမရှိ ၊နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရှေ့တွင် ဆောင်ရွက်မည် သို့သော် နောက်ကွယ်တွင် မဆောင်ရွက်နိုင် စသည့် ကြွေးကြော်သံ များပါသည့် အချက် (၁၀) ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြတာပါ။

“အရင်က သတ်မှတ်ထားတဲ့ မြို့ပြ ဧရိယာတောင် တိုးတက်အောင် မလုပ်နိုင်သေးဘူး။ အဲ့တာကို အခု မြေဧရိယာတွေ ထပ်တိုးပြီး မြို့ပြဧရိယာ သတ်မှတ်တယ်။ ချင်းပြည်နယ်က သူတွေက တောင်ယာခုတ်ပြီးမှ စားသုံးကြတဲ့ သူတွေဆိုတော့ ဘယ်မှာ တောင်ယာခုတ်ရတော့မလဲ ဘယ်လို လုပ်စားရတော့မလဲ ဒါကြောင့် ကန့်ကွက် ဆန္ဒထုတ်ဖော်တာ” လို့ ဆန္ဒပြရာမှာ ဦးဆောင်တဲ့ ဒေါ်ဇာတလဲမ်း က ပြောပါတယ်။

လမ်းလျှောက်ဆန္ဒဖော်ထုတ် မှုကို ဟားခါးမြို့သစ်ရပ်ကွက် ထန်တလန်လမ်းဆုံ မှ စတင်ပြီး ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ချင်းပြည်နယ် ဟားခါးမြို့ဟာဆိုရင် ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တော်တစ်ခုဖြစ်ပြီး ချင်းပြည်နယ်မှာ ရှိတဲ့ မြို့နယ်တွေ ထဲမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။  ဒီမြို့ဟာ ၂၀၁၅ ခုနှစ် သဘာဝဘေးဖြစ်ပေါ်ပြီးတဲ့နောက်မှာ မြေပြိုတာတွေ ကြုံတွေ့ခဲ့ရတာကြောင့် ရပ်ကွက်အလိုက် နေရာအသစ်ကို ပြောင်းရွှေ့ နေထိုင်ရတာတွေ ဖြစ်ခဲ့သလို ပြည်နယ်ရဲ့ မြို့တော်ဖြစ်တာနဲ့ အညီ ပညာရေး အဆောက်အဦးတွေ အစိုးရ အဖွဲ့အတွက် လိုအပ်တဲ့ အဆောက်အဦးတွေ လူနေအိမ်တွေ အတွက် မြေနေရာတိုးချဲ့တာတွေကို အစိုးရအဖွဲ့ က ပြုလုပ်လာခဲ့ပါတယ်။  ဒီလိုဆောင်ရွက်တာနဲ့အမျှ တောင်ယာလုပ်ငန်းကိုသာ အားထားလုပ်ကိုင်နေရတဲ့ တောင်သူတွေ အတွက်လည်း မြေယာနစ်နာဆုံးရှုံးတာတွေ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေကြား မကျေနပ်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။

#voiceofmyanmar#ဟားခါး#မြို့သစ်တိုးချဲ့မှုဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW