ဗင်နီဇွဲလားအရေးမှာ တိုက်ရိုက်စစ်ရေးကျူးကျော်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှား သတိပေး

ကရာကတ်၊ ဖေဖော်ဝါရီ ၈-၂၀၁၉

မျိုးဆက် (VOM)

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံအရေးမှာ တိုက်ရိုက်စစ်ရေး ကျူးကျော်မှုအပါအဝင် သမ္မတ နီကိုးလပ်မာဒူရိုရဲ့ ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးတွေလုပ်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှားနိုင်ငံက သတိပေးပြောဆိုလိုက်ပါတယ်။

တိုက်ရိုက်စစ်ရေးကျူးကျော်မှုမှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်အာဏာပိုင်တွေကို ဖြုတ်ချဖို့ အမေရိကန်က စစ်ရေးအင်အား အသုံးပြုနိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေ ရှိနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဖေဖော်ဝါရီ ၇ ရက်ကသတိပေးပြောဆိုပါတယ်။

လွန်ခဲ့တဲ့လက နောက်ထပ်ခြောက်နှစ် သမ္မတသက်တမ်း တာဝန်စတင်ထမ်းဆောင်ဖို့ ကျမ်းကျိန်ခဲ့တဲ့ သမ္မတ မာဒူရိုကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ဗင်နီဇွဲလား နိုင်ငံသား သောင်းပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဗင်နီဇွဲလားအမျိုးသားလွှတ်တော် ဥက္ကဌနဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာပြီး သမ္မတမာဒူရို ရာထူးမှ နှုတ်ထွက်ဖို့ တောင်းဆိုလိုက်ပြီးနောက် ဗင်နီဇွဲလားမှာ နိုင်ငံရေးမတည်ငြိမ်တွေ ဖြစ်ပေါ်နေတာပါ။ ယာယီသမ္မတအဖြစ် ကြေညာခဲ့တဲ့ အတိုက်အခံခေါင်းဆောင်ကို အမေရိကန်က ချက်ချင်းထောက်ခံခဲ့ပြီး ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။

ဗင်နီဇွဲလားရဲ့ လက်ရှိသမ္မတမာဒူရိုအပေါ် စစ်ရေးအရ အရေးယူဖို့ဟာ ရွေးချယ်မှုတစ်ခုအနေနဲ့ ရှိနေဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၃ ရက်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သတိပေး ပြောဆိုထားပါတယ်။

#voiceofmyanmar#ဗင်နီဇွဲလားအရေးမှာတိုက်ရိုက်စစ်ရေးကျူးကျော်ဖို့#အမေရိကန်စဉ်းနေတယ်လို့#ရုရှား သတိပေး#

Ref : Press TV

Photo : AP

Related posts

✕
VOM News

FREE
VIEW