ချောင်းတူကျေးရွာမှာ လူဦးရေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကျေးရွာသားတွေ ကြောက်ရွံ့

ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၁၁-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ရွာသားတွေထွက်ပြေးသွားခဲ့ကြတဲ့အတွက် ချောင်းတူကျေးရွာမှာ ဒီကနေန့နံနက်ပိုင်းက လူဦးရေစာရင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါ။

အဲ့ဒီကျေးရွာသားတွေဟာ တိုက်ပွဲတွေဖြစ်ပွားခဲ့မှုကြောင့် မနေ့ကထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာလည်း တပ်မတော်က စစ်ဆေးမှုတွေရှိနေတဲ့အတွက် ကျေးရွာသို့ပြန်လည်သွားရောက်ဖို့ ကြောက်ရွှံ့နေကြကြောင်း ရွာသားတချို့ပြောပါတယ်။

“မနေ့ကတော့ ရွာဘေးမှာတိုက်ပွဲတွေဖြစ်နေတော့ ကြောက်ပြီး ထွက်ပြေးလာခဲ့တာပေါ့။ ဒီမနက်မှာလည်း ရွာကဘုန်းကြီးကျောင်းမှာ စစ်သား ၃၀ လောက် စုနေတယ်လို့ရွာမှာကျန်ခဲ့သူတွေပြောတယ်။ ပြီးတော့ အိမတွေကို လူဦးရေစာရင်းတွေစစ်နေတယ်။ ထွက်ပြေးသွားတဲ့သူတွေမလာကြနဲ့ စိုးရိမ်ရတယ်လို့ပြောပါတယ်။ ဒါကြောင့် ကျွန်မတို့ရွာကိုသွားဖို့ ကြောက်နေပါတယ်။”လို့ ထွက်ပြေးလာခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ မနေ့ကနေ့လည် ၂ နာရီလာက်ကနေစတင်ပြီးတော့ ညနေ ၆ နာရီလောက်အထိဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာသားတွေကတော့ ဒီကနေ့မနက်ပိုင်းအထိ ထွက်ပြေးနေကြတုန်းဖြစ်ပါတယ်။

“ရွသားတွေကတော့ ဒီမနက်အထိ ပြေးနေကြတုန်းပါပဲ။ နီးစပ်ရာရွာတွေ၊ သူတို့ဆွေမျိုးတွေရှိတဲ့ရွာတွေ အကုန်လုံးပြေးကြတာပါ။ ဒီယိုးတရုတ်တော့အများဆုံးပေါ့။”လို့ ဦးမြင့်မောင်ကပြောပါတယ်။

အဲဒီကျေးရွာသားတွေ စားရေးသောက်ရေးအတွက် ဆန်တစ်လစာနဲ့ လိုအပ်တဲ့အ၀တ်အထည်တွေအပါအ၀င် စောင်တွေကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကနေ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးထားပြီးဖြစ်တယ်လို့ ဦးစီးအရာရှိ ဦးရဲမင်းဦးကပြောပါတယ်။

“ကျွန်တော်တို့မှာ ဘာဆိုဘာမှပါမလာဘူး။ တိုက်ပွဲဖြစ်သံကြားတာနဲ့ လူတွေထွက်ပြေးကြတယ်။ ကျွန်တော်လည်း မြေးလေးကိုလက်ဆွဲပြီးတော့ ခါးဝတ်တစ်ထည်းနဲ့ ထွက်ပြေးလာခဲ့တာ။ ရွာကိုတော့ပြန်ချင်တာပေါ့။ အခုပြန်လို့ရရင်လည်း အခုပြန်ချင်တယ်။ ဒါပေမယ့် ဒီတိုင်းတော့မပြန်ရဲဘူး။”လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့ကနေ ကျေးရွာသားတွေနေရပ်စွန့်ခွာမှုတွေဖြစ်ပွားနေတာ သုံးလကျော်အတွင်းမှာ ၆၀၀၀ ၀န်းကျင်အထိရှိလာနေပြီဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW