မြိတ်ကျွန်းစု နေ့ချင်းပြန်ခရီစဉ်အတွက် နိုင်ငံခြားသားတွေကို ဇုန်ဝင်ကြေး ၅၀၀၀ိ စမ်းသပ် ကာလသတ်မှတ်ကောက်ခံနေ

ရန်ကုန် ဖေဖော်ဝါရီ ၁၁ -၂၀၁၉

TGH ( VOM)

 

မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း နေ့ချင်းပြန်ခရီစဉ်သွားရောက်မယ့်  နိုင်ငံခြားသားတွေ ဇုန်ဝင်ကြေး အဖြစ်  မြန်မာကျပ်ငွေ  ၅၀၀၀ ကို  စမ်းသပ် ကာလအနေနဲ့ စတင်ကောက်ခံနေပြီဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေသိရပါတယ်။

 

ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ တနသာရီတိုင်းအတွင်းမှာရှိတဲ့ ခရီးစဉ်ဒေသတွေကို အန္တရာယ်ကင်း ၊ စိတ်ချမ်းသာစွာနဲ့သွားလာနိုင်စေ လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ခြင်းအတွက် ယခုလို နိုင်ငံခြားသားတစ်ဦးကို ဇုန်ဝင်ကြေး၅၀၀၀ ကောက်ခံတာဖြစ်တယ်လို့သိရပါတယ်။

 

စပိန်ဘာသာ ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုဝင်းမင်းစိုးက “ ဇုန်ဝင်ကြေးကောက်တဲ့အပေါ် တော့ မဝေဖန်ချင်ပါဘူး။ တစ်ခုပဲရှိတယ်  အဲ့ဒီဒေသရဲ့ သဘာဝ တရားတွေမပျက်စီးသွားဖို့တော့ ထိန်းသိမ်း စေချင်တယ်။ ပျက်စီးသွားမှ ပြန်ထိန်းသိမ်းဖို့ ဆိုတာထင်သလောက်မလွယ်ကူပါဘူး။ အခုဆို ထားဝယ် ၊မြိတ်ဘက်က အရမ်းလှတယ်။ နိုင်ငံခြားသားတွေအရမ်းကြိုက်တယ်။ မြန်မာတွေလည်း ကြိုက်ကြတယ်။ ဒါပေမယ့်တော်ရုံလူအဲ့ဒီဘက် မသွားနိုင်သေးဘူး။ ကုန်ကျစရိတ်က များတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် မပျက်စီးဖို့တော့ အားလုံးဝိုင်းပြီးထိန်းပေးကြပါ”လို့ အကြံပြုပြောဆိုပါတယ်။

 

ဒီဇုန်ဝင်ကြေးကောက်ခံခြင်းကို စမ်းသပ်ကာလသတ်မှတ်ပြီး ယခုနှစ် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ တရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိကောက်ခံဖို့သတ်မှတ်ခဲ့ကာ ဇန်န၀ါရီလ ၂၀ ရက်နေ့မှ စတင် အကောင်ထည်ဖော်ကောက်ခံခဲ့ကြောင်းနဲ့ ရရှိတဲ့ငွေကြေးတွေကိုတော့ သတ်မှတ်ထားတဲ့ ငွေစာရင်းကိုပေးသွင်းသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ နေ့ချင်းပြန် ပင်လယ်ပြင်ခရီးသွားလုပ်ငန်းအတွက် ကျွန်းခုနှစ်ကျွန်းကို  ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလကမှ  တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ နိုင်ငံခြားသားခရီးသွားဧည့်သည် နေ့ချင်းပြန် လည်ပတ်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒီကျွန်းတွေက မြောက်နီကျွန်း ၊ သူရဲနီကျွန်း ၊ကြက်မောက်ကျွန်း ၊မြင်းခွာကျွန်း ၊စေတန်ကျွန်းနဲ့ South Bay ကျွန်းတွေဖြစ်ပြီး ရေအောက်မှာရှိတဲ့သန္တာကျောက်တန်း တွေကိုလေ့လာနိုင်သလို ရာသီဥတုကောင်းလျှင် ရေအောက်ပေ ၃၀ ၀န်းကျင်အထိ မြင်ရတယ်လို့ သိရပါတယ်။

 

မြိတ်ကျွန်းစုဟာ ကျွန်းကြီး ၊ကျွန်းငယ်ပေါင်း ၈၀၀ ကျော်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိမှာ ပြည်ပခရီး သွားဧည့်သည်တွေ စိတ်ဝင်စားမှုရရှိနေတဲ့ ဒေသဖြစ်ပါတယ်။ ပြည်တွင်းခရီးသွားတွေအနေနဲ့ကတော့ ကုန်ကျစရိတ်ကြီးမြင့်မှုရှိတာကြောင့် သွားရောက်လည်ပတ်သူအရေအတွက်နည်းနေပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW