ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၁၂-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာကနေ ထွက်ပြေးရောက်ရှိလာခဲ့ကြတဲ့ စစ်ဘေးရှောင်တချို့ဟာ သူတို့ဒေသမှာ တိုက်ပွဲသံမကြားတော့ဘူးဆိုလို့ နေရပ်ကို ပြန်သွားကြပြီဖြစ်ပါတယ်။
အဲဒီကျေးရွာသားတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကညနေပိုင်းက ကျေးရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပေမယ့် လက်ရှိမှာတော့ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် မိသားစုတချို့ဟာ နေရပ်သို့ပြန်လည်သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
“ဒီနေ့တော့ တချို့မိသားစုတွေပြန်နေကြပါတယ်။ ရွာကိုပြန်သွားတဲ့မိသားစု ၁၀ ကျော်လောက်ရှိနိုင်ပါတယ်။ လောလောဆယ်မှာတော့ ပြန်တဲ့သူတွေနဲ့ ကျန်နေတဲ့သူတွေကို စာရင်းကောက်ယူနေပါတယ်။ ညနေပိုင်းလောက်မှ တိတိကျကျသိနိုင်မှာဖြစ်ပါတယ်။”လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက ပြောပါတယ်။
ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် ကျေးရွာတွေကိုပြန်သွားသူတွေရှိနေပေမယ့် ရွာသားအများစုကတော့ ကြောက်ရွံ့နေကြတာကြောင့် မပြန်သေးဘဲ စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။
“ရွာကိုပြန်တဲ့သူတွေလည်းရှိပါတယ်။ တချို့မိသားစုတွေပြန်ကြတာပါ။အများစုကတော့မပြန်ဘူး။ ကျွန်မတို့လည်းလောလောဆယ်မှာ မပြန်သေးဘဲစောင့်ကြည့်ပါဦးမယ်။ ရွာကိုပြန်သွားလို့ တခုခုဖြစ်မှာကိုစိုးရိမ်တယ်။ ကြောင့်လို့မပြန်သေးတာပါ။”လို့ စစ်ဘေးရှောင်အမျိုးသမီး ဒေါ်မဌေးဝင်းက ပြောပါတယ်။
ဒါ့အပြင် ချောင်းတူကျေးရွာကနေ တခြားကျေးရွာတွေကိုထွက်ပြေးနေတဲ့ မိသားစုတွေလည်းရှိနေပြီး တိုက်ပွဲဖြစ်ပွားတဲ့နေက ထွက်ပြေးသွားတဲ့ကျေးရွာသား ၃၀၀ ကျော်ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ၂၈၀ လောက်သာကျန်ရှိတော့တယ်လို့ သိရပါတယ်။