မင်းပြားမြို့နယ်မှာ ကျေးရွာသားတစ်ဦးပစ်သတ်ခံရ

မင်းပြား၊ ဖေဖော်ဝါရီ ၁၃-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှာ ပြီးခဲ့တဲ့ညက ကျေးရွားသားတစ်ဦးဟာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။

အဲဒီပစ်ခတ်ခံရသူဟာ ကျောက်ခုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ကျော်ဖြစ်ပြီး နေအိမ်ခြံဝင်းအတွင်း မိတ်ဆွေတစ်ဦးနဲ့စကားပြောနေစဉ် လူလေးဦးရောက်ရှိလာပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“မနေ့က ည ၉ နာရီလောက်မှာဖြစ်တာပါ။ ပစ်သတ်ခံလိုက်ရတဲ့ ဦးမောင်ကျော်က သူ့အသိတစ်ယောက်နဲ့စကား ပြောနေတာပါ။ လူလေးယောက်ရောက်လာတယ်။ နှစ်ယောက်ကခြံထဲကိုဝင်လာပြီးတော့ သူ့ကိုပစ်သတ်သွားခဲ့တာပါ။”လို့ ကျေးရွာသူတစ်ဦးကပြောပါတယ်။

အဲဒီပစ်ခတ်သွားခဲ့တဲ့ သေနတ်သမားတွေဟာ ဘယ်သူဘယ်ဝါဆိုတာမသိရှိကြောင်းနဲ့ ဘယ်ကိစ္စနဲ့ဖြစ်တယ်ဆိုတာကိုလည်းမသိရကြောင်း အခင်းဖြစ်ပွားချိန်မှာတော့ ဦးကျော်မောင်ရဲ့မိသားစုတွေလည်း အပြင်ကိုရောက်ရှိနေကြတယ်လို့ ပြောပါတယ်။

“ပစ်သွားတာက စုစုပေါင်း လေးချက်ပါ။ လည်ပင်းမှာနှစ်ချက်။ ခွးမှာတစ်ဖက်တစ်ချက်ဒါဏ်ရာရှိပါတယ်။ အဲဒီနေရာမှာပဲ သေဆုံးသွားတာပါ။ ဘယ်သူတွေဆိုတာတော့မသိဘူးပေါ့။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခုလိုမျိုးသေနတ်နဲ့ပစ်ခတ်ခံရမှုမှာ လေးမှုအထိရှိလာနေပြီဖြစ်ပြီး စစ်တွေမြို့နယ်မှာ တစ်မှု၊ မြေပုံမြို့နယ်မှာတစ်မှုနဲ့ မင်းပြားမြို့နယ်အတွင်းမှာ နှစ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW