တဘောင်(၃)ချက်ပေါ်ထွက်နေတဲ့ နေရောင်ပြအင်းဘုရား (၃၃)နှစ်ပြည့် ရေစက်ချ အမျှဝေမယ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉

ဒီပ(နေပြည်တော်)

 

ဘုရားထီးတင်ပြီးပါက နေပြည်တော်တစ်ခွင် ရေကြီးနစ်မြုပ်မည်ဟု တဘောင်(၃)ချက် ထွက်ပေါ်နေတဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းမှာရှိတဲ့ နေရောင်ပြအင်းဘုရားကို ဖေဖော်ဝါရီ(၁၉)ရက် တပို့တွဲလပြည့်နေ့မှာ ခေတ်အဆက်ဆက်က လှုဒါန်းခဲ့ကြတဲ့ အလှုရှင်များ ပူးပေါင်းကာ ရေစက်ချ အမျှပေးဝေမယ်လို့ သိရပါတယ်။

 

“ မြန်မာလို ၁၃၄၇ခုနှစ်ကနေ အခု၁၃၈၀ပြည့်နှစ်အထိ နှစ်ပေါင်း(၃၃)နှစ်အတွင်းမှာ လှုဒါန်းမှုအစုစု ပြုခဲ့ကြတဲ့ အလှုရှင်အားလုံးကို ဖိတ်ကြားပါတယ် စုပေါင်းရေစက်ချ အမျှဝေမယ် အားလုံးကိုလည်း ပါဝင်စေချင်ပါတယ်”လို့ ဂေါပကဥက္ကဌဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။

 

ကိုးတောင်ပြည့် စေတီတော်နှင့် (၁၀၈)တောင် အမြင့်ဆောင်သော နေရောင်ပြအင်းဘုရားကို ၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့မှာ ထီးတော်နဲ့အနေကဇာ တင်ခဲ့ပြီးနောက် မတ်လ(၃၁)ရက်နေ့မှာတော့ လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်၊စိန်ဖူးတော်တို့မှာ မြေခခဲ့ရပြီးနောက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူပြောများလာခဲ့ပါတယ်။

 

၂၀၁၈ခုနှစ် နိုဝင်ဘာ(၂၂) မနက်ပိုင်းမှာတော့  တဘောင်သုံးချက် ပေါ်ထွက်နေတဲ့ နေရောင်ပြအင်းဘုရားကို အလှုရှင် ဘိုးတော်ညဏ်နဲ့အဖွဲ့ကနေ ဒုတိအကြိမ် အောင်မြင်စွာနဲ့ပဲ ထီးတော်တင်ခဲ့ပြီး ဘိုးတော်ဥာဏ်အပါအ၀င် အလှူရှင်(၃)ဦးရဲ့ အလှုငွေ သိန်း(၁၂၀၀)ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

 

ရာပြည့်ရာကျော် တန်ဆောင်းအတွက် အလှုရှင်နှစ်ဦးဆီက သိန်း(၂၄၀၀)ကုန်ကျခဲ့ပြီး၊ လမ်းအတွက်ကတော့ သိန်းတစ်ထောင်ကုန်ကျခဲ့ရာမှာ အားလုံးပေါင်း သိန်းပေါင်း(၁)သောင်းလောက် ကုန်ကျခဲ့ကြောင်း သိရပါတယ်။

 

၂၀၀၆ခုနှစ်ဝန်းကျင် နေပြည်တော် မြို့သစ်တည်သောအခါ တမဟုတ်အတွင်း စည်ကားလာပြီးနောက် နေရောင်ပြအင်းဘုရားပင်လျင် မြို့၏အလယ်သို့ ရောက်ရှိလာခဲ့ပေမယ့် နေရောင်ပြအင်းဘုရားကို ထီးတင်ရင် ရေကြီးမယ်ဆိုတဲ့ တဘောင်ကြောင့်၊  နေပြည်တော်ဝန်းကျင်မှာ ကြီးမားတဲ့ ဆည်တမံကြီးတွေကလည်း ရှိနေတဲ့အတွက် စိုးရိမ်မှုများရှိနေကြောင်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေးသားဖြန့်ဝေနေကြတာတွေ ရှိပါတယ်။

 

နေရောင်ပြအင်း ဘုရားကြီးရဲ့ သမိုင်းနဲ့ပတ်သက်ပြီး သမိုင်းပညာရှင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးM.Aရဲ့ တပင်ရွှေထီး သမိုင်းစာမျက်နှာ (၂၅)မှာတော့ “နေရောင်ပြကုန်းသည် ကမ္ဘာဆုံးသည့်တိုင်အောင် အယုဇ္ဈအောင်မြေဖြစ်၍ ထိုအရပ်ကို အမှီပြုသော မင်းတိုင်ပင်လျှင် ရန်အပေါင်းကို အောင်မြင်ကုန်လတ္တံ၊ နေရောင်ပြ ကြာအင်းကြီးသည် အမြဲတည်သောအင်း မဟုတ်ဘဲ ရံခါအင်းဖြစ်ပြီး ရံခါညီညွှတ်သော မြေပြင်ဖြစ်လတ္တံ”လို့ ရေးသားထားခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့က ဆိုပါတယ်။

 

ဆက်လက်ပြီး “ဘုရင်ဧကရာဇ်တို့၏ ထီးနန်းစိုက်ရာ မြေဖြစ်လတ္တံ။ မြို့ပြည်ရွာ သာယာစည်ပင်လတ္တံ။ သာသနာတော် (၂၄၀၀)ကျော်သောအခါ နေရောင်ပြအင်း အနီးတွင် သိမ်ကြီးကိုးသိမ် ပေါ်လတ္တံ။ ပြဿာဒ်ကိုးဆောင် ပေါ်လတ္တံ။ နေရောင်ပြအင်း အနီးတွင် လမ်းကြီး တောင်-မြောက်တွင်လတ္တံ။ ငါဘုရား၏ သာသနာတော်ကို ကောင်းစွာရွက်ဆောင်၍  ထွန်းကားအောင် ပြုစုသော မထေရ်တစ်ပါး ပေါ်လတ္တံ”လို့ မှတ်တမ်းများမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW