၉၀ အမတ်ဟောင်းနဲ့ အိမ်အကူမိန်းကလေး အပြန်အလှန် တရားစွဲဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

TGH (VOM)

 

၁၉၉၀ အမတ်ဟောင်းဖြစ်သလို လက်ရှိမှာလည်း ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးမင်းဆွေဟာ  အသက်မပြည့်သေးတဲ့ အိမ်အကူအလုပ်သမား မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန်အမှုဖွင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးမင်းဆွေဟာ ၄င်းရဲ့ ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ Grate Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူ အဖြစ်အလုပ်လုပ်ဖို့ခန့်ထားတဲ့ ဖျာပုံမြို့နယ်က အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သလို လက်ရှိမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) တရားစွဲထားတာကို မကျေနပ်လို့ဆိုပြီး မိန်းကလေးရဲ့မိခင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်နေ့ မရမ်းကုန်မြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ အမှုဖွင့်ခဲ့တယ်လို့ ကာယကံရှင်တွေက ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာယကံရှင် မိန်းကလေးဟာ အသက်၁၂နှစ် အရွယ်ကတည်းက အဲ့ဒီ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူအဖြစ် စတင်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“လစာက ၇၀၀၀၀ ရတယ်။ နှစ်ကုန်ထိလုပ်မှ ရတယ်။ နှစ်မပြည့်ပဲ ပြန်ရင် ၄၀၀၀၀ နဲ့ဖြတ်ပေးတယ်။ သမီးက အရင်က အဘွားမျက်စိရှေပဲ နေရတယ်။ အဘွားဝေယျာဝစ္စပ အကုန်လုပ်ပေးရတယ်။ ကျန်တာမလုပ်ရဘူး။ ခုကျမှ သန့်ရှင်းရေး၊ အိမ်သာ အကုန်လုံးလုပ်ရတယ်။ သူ့သမီးတွေကလည်းပြောတယ်။ သူ့အဖေခိုင်းတာ အကုန်လုပ်ပေးရမယ်။ သူ့သမီးတွေကိုလည်း ကြောက်တယ်။ အဘဦးမင်းဆွေဆိုလည်း ကိုယ့်အဖေအ၇ွယ် အဘိုးအရွယ်ဆိုတော့ ဒီတိုင်းပဲ သူခိုင်းရင်လုပ်ပေးတယ်။ တစ်ရက်မှာ အခန်းသန့်ရှင်းရေးလုပ်နေတော့ အဘက သမီးကို နောက်ကနေ အတင်းဖက်ပြီးတော့ မုဒိန်းကျင့်ပါတယ်။ အဲ့အချိန်ကဖြစ်တဲ့ သွေးစွန်းနေတဲ့လုံချည်တွေကို သမီး အမှိုက်ပုံးမှာ သွားလွှင့်လိုက်ပါတယ်။ နောက်နေ့ သမီးမထနိုင်ပါဘူး ဒါပေမယ့် သူသမီးက နင်တို့ကိုခိုင်းဖို့ခေါ်ထားတာ အလှကြည့်ဖို့မဟုတ်ဘူး အော်ပြောတာနဲ့ သမီးအလုပ်လုပ်ရပါတယ်။ အဲ့မှာ လည်း အဘက ရောက်လာပြီး နောက်တစ်ခါ ထပ်လုပ်ပါတယ်။ ပြန်ပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ နင့်အိမ်ကိုပြောရင် တမိသားစုလုံး သတ်ပစ်မယ်လို့ပြောပါတယ်။ ဒါနဲ့သမီးလည်းမပြောမိပါဘူး။ ၅လပိုင်း ၁ ရက်နေ့နဲ့ ၂ ရက်နေ့ နှစ်ရက်ဆက်တိုက်ပါ။” လို့ မိန်းကလေးက ပြောပါတယ်။

၂၀၁၈ ခုနှစ် ၉ လပိုင်း ၄ ရက်နေ့မှာ နေမကောင်းတာကြောင့် ကလေးကို လာရောက်ခေါ်ဖို့ ဆက်သွယ်လာတဲ့အတွက် သူမရဲ့အမေက ညတွင်းချင်းခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ရက်မှာတော့ နေမကောင်းတာကို ဆေးခန်းပြကြည့်ရာမှာ ကိုယ်ဝန်ရှိနေတာ သိရှိခဲ့ရတယ်လို့ သူ့အမေက ပြောပါတယ်။

“ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်လည်းလို့ မေးတော့ ဦးမင်းဆွေနဲ့ရတဲ့ ကိုယ်ဝန်လို့ ပြောပါတယ်။ သူ့သားနဲ့ လည်းဆက်သွယ်ခဲ့ပါတယ်။ ခုကျွန်မတို့ကို သိန်း၅၀၀ တောင်းတယ်ဆိုပြီးလည်း ပြောပါတယ်။ ကျွန်မတို့ကို အချုပ်ထဲလည်းထည့်တယ်။ သိက္ခာတွေလည်း ချခဲ့ပါတယ်။ ကျွန်မတို့ မိသားစု မွေးကင်းစ ကလေးလေးပါ ထောင်ထဲထည့်ခဲ့ပါတယ်။ မြို့နယ်တရားသူကြီးက မိန်းကလေးချင်း ကိုယ်ချင်းစာလို့ဆိုပြီး အာမခံနဲ့လွှတ်ပေးပါတယ်။ ဒါကို သူတို့ဘက်က ခရိုင်ကိုတက်ပြီး အာမခံပြန်ရုပ်သိမ်း ဖို့လုပ်နေပါတယ်။ ကျွန်မတို့ လွတ်လပ်ရေးနေ့မှာ အချုပ်ကျပါတယ်။ ၁၅ ရက်နေ့မှာ အာမခံနဲ့ပြန်လွှတ်တာပါ။ ကျွန်မတို့ ငွေလည်းမလိုချင်ပါဘူး။ အမှန်တရားပဲလိုချင်ပါတယ်။ ခုဒီကလေးကို မွေးတာလည်း ကျွန်မရဲ့သူဌေးဆီက ၂၀၁၉ တစ်နှစ်လုံးစာ ယူပြီးမွေးပေးခဲ့တာပါ။ အမှန်တရားကိုပဲလိုချင်ပါတယ်။” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ကာယကံရှင် မိန်းကလေးအနေနဲ့ သူရဲ့ ကလေးအတွက် ဖခင်နေရာမှာ ဦးမင်းဆွေနာမည်ကို ရလိုကြောင်းနဲ့ အမှန်တရားအတိုင်း ဖြစ်စေလိုကြောင်း၊ ငွေကြေးတောင်းခံခဲ့ခြင်းလည်း မရှိကြောင်းနဲ့ သူတို့မိသားစု ဂုဏ်သိက္ခာအတွက် အမှန်တရား ပေါ်ပေါက်စေဖို့သာ ဆန္ဒရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စွပ်စွဲခံရသူ ဦးမင်းဆွေဘက်ကတော့ သူဟာ အသက် ၄၇ နှစ်အရွယ်ကတည်းက သားကြောဖြတ်ထား တာကြောင့် မရမ်းကုန်း မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာဟာ လိမ်လည်လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်းနဲ့ သူအနေနဲ့ တုန်လှုပ်မရှိဘဲ တရားဥပဒေအရ အမှန်တိုင်း ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

“ဒီကလေးလေးက လာအလုပ်လုပ်တာ ၅ လပိုင်း ၁ ရက်နေ့က လုပ်ပါတယ်။ ၉ လပိုင်း ၄ ရကနေ့ပြန်သွားတယ်။ ဦးမင်းဆွေနဲ့ ကိုယ်ဝန်ရလာတယ်ဆိုပြီးပြောတယ်။ သားကြောဖြတ်ထား တာက ၄၇ နှစ်ထဲက၊ အာထရာစောင်းက ၁၀ ရက် ၉ လမှာရိုက်တယ်၊ ရိုက်တဲ့အချိန်မှာ ကိုယ်ဝန်က ၆ လရှိနေပြီ ဆရာဝန်ကပြောတယ်။ မွေးမယ့်ရက်ကို တစ်ခါတည်း သတ်မှတ်ပေးလိုက်တယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ သတ်မှတ်ပေးလိုက်တယ်။ ကျွန်တော့်ဆီကို မလာခင်ကတည်းက ကလေးက ဗိုက်ထဲမှာကိုယ်ဝန် ၂ လပါလာပါတယ်။ ဆေးရုံမှာ မွေးတဲ့အခါကျတော့မှ အဖအမည်မှာ ဦးမင်းဆွေဆိုပြီး နာမည်တပ်တော့ ကျွန်တော့နာမည် ထည့်တဲ့အတွက် ဆရာဝန်ကြီးဆီကို တားစာသွားယူပါတယ်။ ယူပြီးတော့မှ ဖျာပုံရဲစခန်းမှာ အမှုဖွင့်ပါတယ်။ အခုဟာ က NLD ကို သိက္ခာချချင်တဲ့အတွက်ကြောင့် ဘေးကပါလာတဲ့လူတွေက၊ မလိုလားအပ်တဲ့လူတွေက ကလေးမလေးကို တည်ကြက်ထားပြီးတော့ အပုတ်ချတာပါ။ ဒါကိုလည်း ရဲရဲတင်းတင်း ကျွန်တော်ရင်ဆိုင်ရဲပါတယ်။ ကျွန်တော်ဟာ ၄၇ နှစ်ကတည်းက သားကြောဖြတ်ထားတာပါ။ ရပ်ကွက်ထဲမှာလည်း သိန်း ၅၀၀ ရမယ် ဆိုပြီးဖြန့်ထားပါတယ်။ သီဟတင်စိုးလိုပေါ့ ကျွန်တော့်ဆီကနေ ခြိမ်းခြောက်ပြီးတော့ တောင်းနေတာ။ ဒါကိုကျွန်တ်ာလုံးဝလက်မခံပါဘူး။ အမှန်တရား ရဖို့အတွက် တရားရုံးမှာ အမှုဖွင့်ပြီးတော့ ဆောင်ရွက်နေပါတယ်”လို့ ဦးမင်းဆွေ ပြောပါတယ်။

NLD ကိုအပုတ်ချပြီး  ချိုးနှိမ်ချင်တဲ့အတွက် တည်ကြက်သဘောမျိုးထားကာ သူ့ကို လုပ်ဆောင်ခဲ့တာကြောင့် ဦးမင်းဆွေက သူရဲ့ ဂုဏ်သိက္ခာ၊ ၁၉၉၀ ခုနှစ်က လွှတ်တော်အမတ်ရဲ့ ဂုဏ်သိက္ခာ၊ ဖျာပုံမြို့ရဲ့ မြို့မိမြို့ဖဂုဏ်သိက္ခာ၊ NLD ပါတီရဲ့ သိက္ခာကျအောင်၊ ပုံရိပ်ကျအောင် ဆောင် ရွက်တဲ့အတွက် နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အပုတ်ချ၊ သိက္ခာချမှု (နိုင်/ ၁၀) နဲ့ ဖျာပုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တာဖြစ်တယ်လို့ ဦးမင်းဆွေက ဆိုပါတယ်။

ဒီအန်အေ စစ်ဆေးဖို့အတွက်လည်း ဆရာဝန်ကြီးတွေကို စာတင်ထားကြောင်းနှင့် နိုင်ငံတကာထိ စစ်ဆေးရမယ်ဆိုရင်လည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ပါတီနဲ့  တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြထားတယ်လို့ သူကပြောခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW