ရသေ့တောင်မှာ ဒီကနေ့ဖြစ်တဲ့ တိုက်ပွဲကြောင့် မင်းဖူးကျေးရွာက မိန်းကလေးတစ်ဦးသေဆုံး

ရသေ့တောင်၊ ဖေဖော်ဝါရီ ၂၀-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသ မင်းဖူးကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပွားခဲ့ပြီးမကြာမှီ ၁၁ နာရီကျော်လောက်မှာ မင်းဖူးကျေးရွာအတွင်း သွားလာနေတဲ့ အသက် ၁၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

 

“မနက်ကတိုက်ပွဲဖြစ်တယ်။ ပြီးတော့စစ်တပ်ကရွာသားတွေကို ခေါ်ပြီးတော့စစ်ဆေးတယ်။ ၁၁ နာရီလောက်မှာ ရွာကမိန်းကလေးတစ်ယောက်က အိမ်ကနေပြီးတော့ ရွာထဲမှာ ထမင်းစားဖို့သွားတယ်လို့ပြောတယ်။ အဲဒီမှာသူက ပြေးပြီးတော့သွားတဲ့အချိန်မှာ ကျည်ထိတာပါ။ ပါးပြင်က၀င်ပြီးတော့ ဦးခေါင်းကဖောက်သွားတယ်လို့သိရတယ်။”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

သေဆုံးသွားတဲ့မိန်းကလေးမှာ မင်းဖူးကျေးရွာနေ ဦးမောင်ထွန်းလှရဲ့သမီး မရီရီစိုး အသက် ၁၉ နှစ်ဖြစ်ပြီး တိုက်ပွဲပြီးဆုံးသွားချိန်မှာ အခုလိုဖြစ်တာလို့ ကျေးရွာသားတွေကပြောပါတယ်။

 

“တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ ရွာသားတွေကစာသင်ကျောင်းမှာ စုနေကြတယ်။ မကြာခင်မှာပဲ တပ်ကရောက်လာတယ်။ အင်အား ၅၀ လောက်တော့ရှိမယ်။ ရွာသားတွေကိုစုပြီးတော့ စာသင်ကျောင်းနားမှာပဲ မြေကြီးပေါ်မှောက်ခိုင်းထားတယ်။ နောက်တော့အမျိုးသမီးတွေကို လွှတ်ပေးတယ်။ ယောက်ျားတွေကိုတော့လွှတ်မပေးသေးဘူး။ ညဘယ်လိုဖြစ်မလဲဆိုတာ ကြောက်နေကြတယ်။”လို့ သူကဆက်ပြောပါတယ်။

 

တိုက်ပွဲဟာ မနက် ၁၀ နာရီခွဲလောက်မှာ မင်းဖူးကျေးရွာ တံတားအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာသားတွေကိုအခုလိုစစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် မိသားစုတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။

 

#ရသေ့တောင်#voiceofmyanmar#AA#ရခိုင်တိုက်ပွဲ#အမျိုးသမီးငယ်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW