ချင်းပြည်နယ် လွှတ်တော်ရုံး အဆောက်အဦး ဖွင့်လှစ်

ဟားခါး ဖေဖော်ဝါရီ ၂၀

မိုင်ချယ်ရီ(VOM)

 

၂၀၁၇ ခုနှစ် မှ စတင် တည်ဆောက်ခဲ့တဲ့ ချင်းပြည်နယ် လွှတ်တော်ရုံး ကို ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ အ​ဆောက်​အဦး ဖွင့်လှစ်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီနေ့မှာတော့ လွှတ်တော်ရုံး  အဆောက်အဦး နဲ့ လွှတ်တော်ရိပ်သာ ကို တပြိုင်နက် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

 

“အရင်ကလွှတ်တော် အဆောက်အဦးသီးသန့် မရှိတော့ မီဒီယာ ကောင်တာ မရှိဘူး။ ပြည်ထောင်စု လွှတ်တော်လို ရုပ်မြင်သံကြား နဲ့ ကြည့်ရမယ့် ကောင်တာလဲ မရှိဘူး။ လွှတ်တော်အဆောက်အဦးမှာ မီဒီယာ ကောင်တာလဲ ရမယ် ဆိုတော့ သတင်းရယူတဲ့ နေရာမှာ ပိုပြီးအဆင်ပြေလာမယ်လို့တော့ မျှော်လင့်တာပဲ”လို့ ဟားခါးပို့စ် တာဝန်ခံအယ်ဒီတာ ကိုထောင်ထောင်း က ပြောပါတယ်။

 

ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖွေအား ကတော့” လွှတ်တော်သစ်ကြီးဖွင့်လှစ်နိုင်တာ ၀မ်းသာပါတယ်ဗျာ။ ချင်းပြည်နယ်တစ်ခုလုံးရဲ့ ဂုဏ်တစ်ခု ပေါ့ဗျာ၊ ဆွေးနွေးတာတွေဆုံးဖြတ်တာတွေကတော့ အစီအစဉ်တွေပေါ်မှာပဲမူတည်ပါတယ်။”လို့ ပြောပါတယ်

 

လွှတ်တော်ရုံးကြီးကို ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်မှာ ရှိတဲ့  မြို့နယ် စည်ပင်သာယာရေးကော်မတီကနေ  ပြန်လည်စွန့်လွှတ်ထားတဲ့ မြေဧက ၂ ဧက နီးပါး ကျယ်ဝန်းတဲ့ မြေပေါ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လကနေ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 

လွှတ်တော်အဆောက်အဦးတည်ဆောက်ဖို့ အတွက် ၅ ဒသမ ၅ ဘီလီယံ အသုံးပြုခဲ့တာ ဖြစ်ပြီး လွှတ်တော်ရုံး တည်ဆောက်နေတာနဲ့ တစ်ပြိုက်နက် လွှတ်တော်ကိုယ်စာလှယ်တွေ နေထိုင်ဖို့ လွှတ်တော်ရိပ်သာကိုလည်း ၁ ဒသမ ၉ ဘီလီယံ အသုံးပြု တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။

 

ချင်းပြည်နယ် လွှတ်တော်ရုံးအဖြစ် လက်ရှိ အသုံးပြုနေရတဲ့ နေရာက ဟားခါးမြို့ ချင်းဦးစီးရပ်ကွက် က ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ ၂နှစ်ကျော်ကြာ ကျပ်သန်းပေါင်း ၇၇၀၀ ကျော် အသုံးပြု ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံး အဖြစ် တည်ဆောက်ထားတဲ့ နေရာမှာ ဖြစ်ပါတယ်။

 

လာမယ့်လွှတ်တော်အစည်းအဝေးတွေကိုတော့ ခုဖွင့်လိုက်တဲ့လွှတ်တော်အသစ်ကြီးမှာ ကျင်းပတော့မှာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW