တရုတ်နဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်မယ်လို့ အတိုက်အခံပါတီရဲ့မှတ်ချက်အပေါ် ထိုင်ဝမ်သမ္မတတုံ့ပြန်

ထိုင်ဝမ်၊ ဖေဖော်ဝါရီ-၂၀-၂၀၁၉

မျိုးဆက် (VOM)

လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပါက တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်တယ်လို့ ထိုင်ဝမ်အတိုက်အခံပါတီက ပြောကြားပြီးနောက် နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဒီမိုကရေစီ ထိခိုက်ပျက်စီးမယ့် ဘယ်လိုသဘောတူညီချက်ကိုမှ ထိုင်ဝမ်က လက်ခံမှာမဟုတ်ဘူးလို့ သမ္မတ ဆိုင်အင်းဝမ်က ဖေဖော်ဝါရီ ၂၀ ရက်က ပြောပါတယ်။

 

ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ တရုတ်နိုင်ငံက အခို်င်အမာပြောဆိုပြီး ၎င်းရဲ့ အုပ်ချုပ်မှုအောက် ပြန်ရောက်ဖို့အတွက် လိုအပ်ရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ ပြောဆိုထားပါတယ်။

 

အကြိတ်အနယ်ရှိလာမယ့် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးနိုင်တယ်လို့ တရုတ်အာဏာရပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ကူမင်တန်ပါတီရဲ့ ဥက္ကဌ ၀ူဒန်ရိက လွန်ခဲ့တဲ့ အပတ်က ပြောကြားခဲ့တဲ့ အပေါ် သမ္မတ ဆိုင်အင်းဝမ်က တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

ထိုင်ဝမ်ရဲ့ အမျိုးသားအချုပ်အခြာနဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်အန္တရာယ်ပြုမယ့် ဘယ်လို သဘောတူ စာချုပ်မျိုးကိုမှ ထိုင်ဝမ်လူမှုအသိုင်းအ၀ိုင်းက လက်ခံမှာမဟုတ်ဘူးလို့ ၎င်းကပြောပါတယ်။ ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံက ၎င်းရဲ့ အုပ်ချုပ်မှုအောက်ပြန်ရောက်ဖို့ စစ်ရေးအင်အားအသုံးပြုမယ်လို့ ပြောဆိုထားခြင်းက စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူးလို့ ဆိုပါတယ်။

 

သမ္မတ ဆိုင်အင်းဝမ်ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီကတော့ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ဒေသတွင်းရွေးကောက်ပွဲတွေမှာ ပြိုင်ဘက် ကူမင်တန်ပါတီကို အကြီးအကျယ်ရှုံးနိမ့်ခဲ့ပါတယ်။

 

၎င်းဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုတင်းမာနေပြီး ထောက်ခံမှုနှုန်းကျဆင်းနေပေမယ့်လည်း လာမယ့် နှစ်ရွေးကောက်ပွဲမှာ  ပြန်လည်ရွေးကောက်ခံမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်က အတည်ပြုပြောဆိုထားပါတယ်။

 

ထိုင်ဝမ်အတွက် ၎င်းရဲ့ စိတ်ကူးရည်မှန်းချက်အတိုင်း အပြည့်အ၀အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေတယ်လို့ ထိုင်ဝမ်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ၂၀၁၆ ခုနှစ်က ရွေးချယ်ခြင်းခံရတဲ့ ဆိုင်အင်းဝမ်က ဖေဖော်ဝါရီ စီအင်န်အင်န်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

Ref : CNA

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW