ရိုဟင်ဂျာအရေး မြန်မာတာဝန်ရှိသူတွေကို အိုင်စီစီတင်ဖို့ မလေးရှားတိုက်တွန်း

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ-၂၀-၂၀၁၉

မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ကိုင်တွယ်မှုတွေအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ)သို့ ချက်ချင်းတင်ဖို့ မလေးရှားနိုင်ငံက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

 

ဒီကိစ္စဟာ အချိန်အနည်းငယ်ကြာနိုင်ပေမယ့် ဖိနှပ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေဖြစ်သွားမှာကြောင့် မလေးရှားအစိုးရဟာ အဆိုပါပြသနာကို အလေးအနက်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆိုင်ဖူဒင် အဗ္ဗဒူလာ က ဖေဖော်ဝါရီ ၁၉ ရက်က ပြောပါတယ်။

 

အဓိကပြသနာမှာ ရိုဟင်ဂျာတွေကို ၎င်းတို့နေထိုင်ရာနိုင်ငံကနေ နှင်ထုတ်လိုက်တာကြောင့်ဖြစ်တယ်လို့  ၎င်းကပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ခြင်းက ပြသနာရဲ့ အဓိကရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့အလွန်အရေးပါတာကြောင့် အိုင်စီစီကို တင်ရမယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ရဲ့ လွန်ခဲ့တဲ့လက ကုလသမဂ္ဂမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှုကျူးလွန်ခဲ့သူ လူပုဂ္ဂိုလ်ခြောက်ဦးရှိတယ်လို့ ဖော်ထုတ်ခဲ့ကြောင်း ၎င်းကပြောပါတယ်။

 

ဒါကြောင့် ဒီကိစ္စမှာ ပါဝင်ပတ်သက်ပြီး ကျူလွန်ခဲ့သူ တွေကို အိုင်စီစီသို့ တတ်နိုင်သမျှ အမြန်ဆုံးတင်ဖို့ မလေးရှားနိုင်ငံက အလိုရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က ဆိုပါတယ်။

 

IIFFMM ရဲ့ အစီရင်ခံစာမှာတော့          ရိုဟင်ဂျာတွေအပေါ် ရာဇ၀တ်မှုကျူးလွန်သူတွေအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားထိပ်တန်းစစ်ဘက်တာဝန်ရှိသူ ငါးဦးကို စွပ်စွဲထားပါတယ်။

 

Ref: Bernama

Photo : Yusof Mat Isa

Related posts

Leave a Comment

VOM News

FREE
VIEW