ချင်းလွှတ်တော် ဒုဥက္ကဋ္ဌကို တာဝန်မှ ရပ်စဲရန် ညွန်ကြားခံရ

ဟားခါး ဖေဖော်ဝါရီ ၂၁-၂၀၁၉

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်သန်း ကို  လွှတ်တော် ဒုဥက္ကဌတာဝန်မှ ရပ်စဲဖို့ အတွက် ပါတီဗဟိုကနေ ညွန်ကြားထားပါတယ်။

 

ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ က ဒီကိစ္စအပေါ် ခုလိုပြောပြပါတယ်။

“ဗဟိုပါတီကနေ လာခဲ့တဲ့ ကိစ္စပါ။ သူစာတင်ပြီးမှ အခုဗဟိုကနေ ၂၃ ရက်နေ့ နောက်ဆုံး မတင်ရင်တော့ လွှတ်တော်မှာဆုံးဖြတ်မယ်ဆိုပြီး စာလာတယ်။ ဘာကိစ္စလဲ တော့မသိဘူး။ တိုင်စာက ခြောက်ခု တင်တယ်ဆိုပြီးတော့ သူနဲ့ ကျွန်တော့်ရှေ့မှာ ဗဟိုပါတီကော်မတီတွေက ပြောတာတော့ ရှိတယ်။ ဘယ်သူ ဘယ်သူ တိုင်တာလဲ ဘာကြောင့်လဲ ဘယ်သူမှ မသိကြဘူး။ သူ့နေရာမှာ ရွေးချယ်ထားတာတော့ မရှိသေးဘူး။ အပေါ်က လူကြီးတွေက ထပ်ပြီးတော့ စီစဉ်မှာပါ” လို့ ပြောပါတယ်။

ချင်းပြည်နယ် လွှတ်တော်ဒုဥက္ကဌဦးအောင်သန်း ဟာဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ မင်းတပ်မဲဆန္ဒနယ် အမှတ်(၁) မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရလဒ် ၃၄၄၅ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် ၂၄ ဦးရဲ့ ထောက်ခံချက်နဲ့ လွှတ်တော် ဒုဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

 

သူဟာဆိုရင် ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အတွင်းရေးမှူးအဖြစ် တာဝန်ယူထားရသူ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်းမှာ ချင်းပြည်နယ် စည်ပင် လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆလိုင်းအိုက်ဇက်ခင်ကို အနားပေးခဲ့ပြီးနောက်မှာ လွှတ်တော်ဒုဥက္ကဋ္ဌကို အနားပေးဖို့ ထပ်မံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 

#voiceofmyanmar#ချင်းပြည်နယ်ဒုလွှတ်တော်ဥက္ကဋ္ဌ#ဦးအောင်သန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW