ငါး၊ ပုစွန် မွေးမြူရေး၊ အစိုးရပိုင်းက ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉

TGH( VOM)

 

ယနေ့ မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍရဲ့ ငါး ၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရပိုင်းကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အချက် ငါးချက်ရှိနေတယ်လို့  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဦးဝင်းကြိုင်က ပြောပါတယ်။

 

ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဒီလုပ်ငန်းကို အထောက်အပံ့ကောင်း ပေးနိုင်မယ့် မြေယာအသုံးပြုမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ပေးခြင်းနဲ့ အမျိုးသားအဆင့် မြေအသုံးပြုမှု မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေမှာပါ  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် မြေယာကိုအသုံးချ၍ လုပ်ငန်းဆောင်ရွက်ရတဲ့ အသင်းအဖွဲ့အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

 

“အားလုံးကို ဆွေးနွေးခွင့်ပြုမှသာ ဘာတွေလိုအပ်တယ်၊ မလိုအပ်ဘူး၊ ဘယ်အရာတွေက အရေးတကြီး လုပ်ဆောင်ရမယ်ဆိုတာ သိမယ်။ အားလုံးပူးပေါင်း ဆောင်ရွက်လို့ရမယ်။ ဒုတိယကတော့ မန္တလေး တိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ငါးမွေးမြူရေးလိုင်စင် ဆောင်ခွင့်မရှိဘဲ၊ တရားမ၀င် ငါးကန်တွေအဖြစ် ရပ်တည် လုပ်ကိုင်နေရတာ ရှိတယ်။ ဒါတွေကို တရားဝင်လုပ်ကိုင်ခွင့် ရဖို့လည်း ဆောင်ရွက်ပေးရမှာဖြစ်တယ်။” လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

 

လက်ရှိမှာ လယ်ယာမြေတွေကို တခြားနည်းလမ်းတွေနဲ့ အသုံးပြုခွင့်ရဖို့  လျှောက်ထားဆဲကာလနဲ့  လုပ်ပိုင်ခွင့် မရသေးတဲ့ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ရှိနေတဲ့ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းတွေကို တိုင်းအစိုးရက ဒဏ်ကြေးငွေ အဖြစ် (၁) ဧကကို ၁၀  သိန်း တောင်းခံတဲ့ ကိစ္စမျိုးတွေ ဖြစ်နေတာကြောင့် အဲ့ဒီလို အခက်အခဲတွေကို ညှိနှိုင်း ဖြေရှင်းပေးစေလိုတယ်လို့လည်း သူက ပြောပါတယ်။

 

ဒါ့အပြင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ဖို့အတွက်လည်း အစိုးရခြင်း ဆက်သွယ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေဖို့အတွက် လိုအပ်တာတွေကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့နဲ့ လတ်တလောမှာ ကြုံတွေ့နေရတဲ့  တရုတ်နိုင်ငံကို ငါးတန်ငါးတင်ပို့တဲ့အခါ  ဖြစ်ပေါ်နေတဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းတွေ ခေတ်မီတိုးတက်စေဖို့ ဘဏ်ချေးငွေကနေတဆင့်  ငွေကြေးရင်းနှီးမြှုပ်နှံမှု ရရှိအောင်  အစိုးရက ကူညီချိတ်ဆက် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နဲ့ပတ်သက်ပြီး အစိုးရပိုင်းနဲ့ တွေ့ဆုံချိန်မှာလည်း ပြောဆိုတင်ပြမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW