ဆရာတော်ဦးဥတ္တမ ပျံလွန်တဲ့နေ့ကို အစိုးရရုံးပိတ်ရက် ၊ရခိုင်ပြည်နယ်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေး

ရန်ကုန် ဖေဖော်ဝါရီ ၂၅-၂၀၁၉

TGH(VOM)

နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်မှုမရှိစေဖို့နဲ့ တိုင်းရင်းသားတွေအကြား အထင်အမြင်လွဲမှားပြီး ခွဲခြားဆက်ဆံခံရတဲ့သဘောမျိုးမဖြစ်စေဖို့အတွက် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့  စက်တင်ဘာလ ၉ ရက်နေ့ကို အစိုးရရုံးပိတ်ရက် ၊ ရခိုင်ပြည်နယ်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်မသင့်သေးဘူးလို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒုတိယ၀န်ကြီး ဦးလှမော်ဦးက ပြောဆိုခဲ့ပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်၁ ဦးဝေစိန်အောင်ရဲ့မေးခွန်းကို ဒုတိယ၀န်ကြီးက ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ ဆရာတော်က လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ နိုင်ငံရေး တရားတွေဟောခဲ့လို့ အင်္ဂလိပ်အစိုးရနေ ၃ ကြိမ်တိုင်အောင် ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဆရာတော် လိုပဲ လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေရှိပါတယ်။ အဲဒီနေ့တွေမှာ သူတို့အစီအစဉ်နဲ့သူတို့ အသီးသီး ကျင်းပနေကြတာလည်းရှိပါတယ်။တကယ်လို့သာ ဦးဥတ္တမပျံလွန်တော်မူတဲ့နေ့ကို အစိုးရရုံးပိတ်ရက်သတ်မှတ် မယ်ဆိုရင် တခြားလူတွေလည်း တောင်းဆိုမှုရှိလာနိုင်တယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်ပိတ်ရက်အဖြစ် သတ်မှတ်ရင်လည်း တခြားဒေသမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ခွဲခြားသလိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတစ်မျိုးတည်းကို ဦးစားပေး အခွင့်အရေးပေးတဲ့သဘောမျိုးမဖြစ်စေဖို့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ မသင့်လျော်သေးပါဘူး”လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တရားဝင်ရုံးပိတ်ရက်တွေအဖြစ် မဟာသင်္ကြန်ကာလရုံးပိတ်ရက် ၊ တခြား ပြန်တမ်းဝင် ရုံးပိတ်ရက်အပါအ၀င် တစ်နှစ်မှာ ပိတ်ရက်အားလုံးပေါင်း ၁၃၀ ရှိတာကြောင့် ရုံးပိတ်ရက်ထပ်တိုးမယ်ဆိုရင် အစိုးရယန္တရားကို ထိခိုက်နိုင်စေကြောင်းနဲ့ ၊ နိုင်ငံတော်ရဲ့ ပြည်သူတွေကိုဝန်ဆောင်မှုပေးနေတဲ့ ကုန်ပစ္စည်း လုပ်ငန်း ၊ဘဏ်လုပ်ငန်း ၊စတဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အနည်းနဲ့အများထိခိုက်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

#voiceofmyanmar#ဦးဥတ္တမပျံလွန်တဲ့နေ့

 

 

Related posts

Leave a Comment

VOM News

FREE
VIEW