AA အဖွဲ့မှ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ဘာသာပေါင်းစုံ ဆုတောင်း

ပလက်ဝ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉

မိုင်ချယ်ရီ

 

ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာမှာစခန်းချထားတဲ့ နယ်မြေရဲစခန်းက စခန်းမှူးတို့ကို အေအေ တပ်ဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားရာကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီ အချိန်က သံထောင်ကျေးရွာမှာ ရှိတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မှာ လူဦးရေ ၁၅၀ ကျော် နဲ့ ပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။

“ချင်းပြည်နယ်လဲ ဖြစ်တယ် ချင်းလူမျိုးတွေလဲ ဖြစ်တယ် တစ်စုံတစ်ခု ဖြစ်သွားလို့ ရှိရင် ကျွန်တော်တို့ အမျိုးသားရေး လူမှုရေး ပြသနာတွေ ဖြစ်လာနိုင်တယ်။ အဲ့တာကို ပြန်လွှတ်ပေးပါ ဆိုပြီး ကျွန်တော်တို့ က တောင်းဆိုတာပါ။ မဖြစ်မနေ ပြန်လွှတ်ပေးစေချင်တယ်။ တာဝန်ရှိတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကိုလည်း တောင်းဆိုချင်တယ်။ ရခိုင်နဲ့ ချင်းလူမျိုးတွေက အရင်ခေတ်ထဲက ရင်းရင်းနှီးနှီး နေလာခဲ့ကြတာ။ ဒီဟာလေးတစ်ခု ဖြစ်သွားတာနဲ့ တိုင်းရင်းသားတွေ အချင်းချင်း ပဋိပက္ခတွေ ဖြစ်သွားနိုင်လို့ အနူးအညွတ် တောင်းပန်ချင်တယ်” လို့  သံထောင်ကျေးရွာက ဆုတောင်းပွဲ ပြုလုပ်ရာမှာ ပါဝင်တဲ့  ဒေသခံတစ်ဦး က VOM ကို ပြောပါတယ်။

 

မြန်မာ့တပ်မတော် နှင့် ရခိုင်လက်နက်ကိုင် (AA) အဖွဲ့တို့အကြား ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၅ ခုနှစ် ကနေ စတင်ပြီးတော့တိုက်ပွဲ တစ်ချို့ ဖြစ်ပွားနေခဲ့ရာမှာ ၂၀၁၈ ခုနှစ် အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

 

ပလက်ဝမြို့နယ်ရှိ ကုလာတန်မြစ်ကြောင်း အထက်ဖက်မှာ  အေအေလက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းနေထိုင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ ဒေသဖက်ကို တပ်မတော်ဖက်ကနေ စားနပ်ရိက္ခာတင်ပို့တာတွေ ကန့်သတ်ထားပြီး လိုက်လံ တိုက်ခိုက်တာတွေ ပြုလုပ်နေသလို အေအေအဖွဲ့ကလည်း တပ်မတော်ဖက်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ရာကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှာ ရှိတဲ့ ရဲစခန်းကို အလစ်ဝင်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး စခန်းမှူးဖြစ်သူ ရဲအုပ်ဆလိုင်းဘီးဗာ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးချားဟော်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဟာ ဒီနေ့နဲ့ဆိုရင် ၄ ရက် ကြာခဲ့ပြီ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW