မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်အရေအတွက်တိုး

မြောက်ဦး၊ ဖေဖော်ဝါရီ ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံကျေးရွာသားတွေ ထွက်ပြေးလာခဲ့ကြတာကြောင့် စစ်ဘေးရှောင်ဦးရေဟာ ပိုမိုများပြားလာနေပါတယ်။

 

အဲ့ဒီစစ်ဘေးရှောင်တွေဟာ မြောက်ဦးမြို့နယ်မြောက်ပိုင်း ရမ်းချောင်းထဲမှာရှိနေတဲ့ ဆင်အိုး၊ နေပူခံ၊ ခူလိုင် စတဲ့ကျေးရွာတွေကဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်အထိ ရှိနေပြီဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

 

“ပြီးခဲ့တနင်္ဂနွေနေ့အထိတော့ စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်ထိရှိနေပြီဖြစ်ပါတယ်။ အခုလောက်ဆိုရင် ဒီထက်ပိုများပါပြီ။ ထပ်လာတဲ့သူတွေလည်း ရှိနေပါတယ်။ စစ်ပွဲတွေမဖြစ်တော့ပေမယ့် ပစ်ခတ်သံတွေကြားနေရတဲ့အတွက် ကြောက်ပြီးတော့ လာနေကြတာပါ” လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

 

အခုလိုမျိုး စစ်ဘေးရှောင်တွေ များပြားလာနေတဲ့အတွက် ပြီးခဲ့တဲ့တစ်ပါတ်အတွင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း သုံးခုအထိ ဖွင့်လှစ်ပေးခဲ့ရကြောင်းနဲ့ မြောက်ဦးမြို့နယ်အတွင်းက အောက်သကန်၊ တိန်ညိုရွာသစ်နဲ့ စေတီတောင်ရွာ ဟောင် ကျေးရွာတွေမှာ ယာယီနေထိုင်နေကြတာ ဖြစ်ပါတယ်။

 

“အများဆုံးကတော့ အောက်သကန်ကျေးရွာမှာ ပိုများပါတယ်။ ရွာသားတွေက ကြောက်လို့လာခဲ့ကြတာပါ။ တပ်မတော်စစ်ကြောင်း တစ်ခုကနေပြီးတော့ နေပူခံရွာသား ၇ ဦးကို ၂၂ ရက်နေ့မှာ လမ်းပြခေါ်သွားပြီးတော့ ၂၃ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်။ ဒါတွေလည်းပါနိုင်တာပေါ့ သူတို့ထွက်ပြေးရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ”လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

 

လက်ရှိမှာ မြောက်ဦးမြို့နယ်အတွင်းက ကယ်ဆယ်ရေးစခန်းသုံးခုဖြစ်တဲ့ အောက်သကန်ကျေးရွာမှာ ၁၇၉ ဦး၊ တိန်ညိုကျေးရွာမှာ ၆၇ ဦး၊ စေတီတောင်ကျေးရွာမှာ ၁၇၇ ဦးတို့ စစ်ဘေးရှောင် နေထိုင်နေကြပါတယ်။

 

#Mrauk-U #Rakhine #Refugees #မြောက်ဦး #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်

 

Related posts

Leave a Comment

VOM News

FREE
VIEW