မော်စကို၊ မတ်-၅-၂၀၁၉
မျိုးဆက် (VOM)
စစ်အေးခေတ်ကာလက ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယားလက်နက်စာချုပ် (အိုင်အင်န်အက်ဖ် ) နှုတ်ထွက်ဖို့ အမေရိကန်က ပထမဆုံးလုပ်ဆောင်နေခဲ့ပြီးနောက် အဆိုပါလက်နက်စာချုပ်ကနေ ရုရှားနိုင်ငံက တရားဝင်နှုတ်ထွက်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က မတ် ၄ ရက်မှာ ပြောပါတယ်။
ဆိုဗီယက်ယူနီယမ်နဲ့ အမေရိကန်တို့အကြား ချုပ်ဆိုခဲ့တဲ့ အဆိုပါ လက်နက်ထိန်းချုပ်ရေးစာချုပ်မှာ ရုရှားနိုင်ငံက ပါဝင်မှုကို ရပ်ဆိုင်းတဲ့ အမိန့်ကို သမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနိုင်ငံက ထုတ်ပြန်ပါတယ်။
စာချုပ်မှာပါရှိတဲ့ လိုက်နာရမယ့် တာဝန်တွေကို အမေရိကန်က ချိုးဖောက်ပြီးနောက် ရုရှားနိုင်ငံက စာချုပ်ကို အခုလို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
၁၉၈၇ ခုနှစ်က အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့အကြား ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ်နျူကလီးယား စာချုပ်ပါစည်းကမ်းချက်တွေကို ချိုးဖောက်နေတယ်လို့ ရုရှားနဲ့ အမေရိကန်တို့က အပြန်အလှန်စွပ်စွဲထားကြပါတယ်။
ခြောက်လအတွင်း သဘောတူဟာချုပ်မှ နှုတ်ထွက်ဖို့လုပ်ငန်းစဉ်ကို စတင်မယ်လို့ ဖေဖော်ဝါရီလအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောဆိုထားပါတယ်။ ဒီလိုပြောဆိုပြီး များမကြာမီ ရုရှားကလည်း စာချုပ်မှာပါဝင်မှုကို ရပ်ဆိုင်းဖို့ စီစဉ်နေတယ်လို့ ရုရှားသမ္မတ ပူတင်ကလည်း တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်က လုပ်ဆောင်နေတဲ့ တာလတ်ပစ်ဒုံးပျံတွေ ထုတ်လုပ်နေခြင်းကဲ့သို့သော စီမံကိန်းတွေအတိုင်း ရုရှားနိုင်ငံကလည်း ယင်းသို့ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ပူတင်ကပြောပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံမြို့ကြီးတွေကို တိုက်ခိုက်နိုင်တဲ့ ဒုံးပျံသစ်များကို ဖြန့်ကြက်သွားမယ်လို့လည်း လွန်ခဲ့သည့်လက နိုင်ငံတော်မိန့်ခွန်းအခြေပြု မိန့်ခွန်းတစ်ရပ်မှာ ၎င်းက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
Ref : CNA
Photo : Getty Images