ဆောင်းသီးနှံလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့ပေမယ့် စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဈေးကွက်ကိုထိခိုက်နေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသမတည်မငြိမ်ဖြစ်နေတာကြောင့် လေးမြို့မြစ်ကြောင်းအတွင်းမှာရှိတဲ့ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်မှုတွေရှိလာနေတယ်လို့ တောင်သူတွေကပြောပါတယ်။

 

လေးမြို့ဒေသဟာ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး အခုအချိန်ဟာ သီးနှံရိတ်သိမ်းဆဲကာလဖြစ်တဲ့အတွက် အရောင်းအဝယ်လုပ်ငန်းတွေကို စတင်လုပ်ကိုင်နေကြတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

 

“ပုံမှန်ဆိုရင် အရောင်းအဝယ်တွေလုပ်ကြပြီ။ မြေပဲတို့ပဲကြီးတို့  ပေါ်တဲ့ရာသီဆိုတော့ အရင်နှစ်တွေကဆိုရင် အခုလိုရာသီမှာ ပဲဝယ်သူတွေအများကြီးပဲ။ အခုတိုက်ပွဲတွေဖြစ်တော့ ဘယ်သူမှလာမဝယ်ဘူးဖြစ်နေတယ်။ စိုးရိမ်ပြီးတော့ မလာကြတာပါ။”လို့ မြေပဲတောင်သူ ဦးမောင်လှမြင့်ကပြောပါတယ်။

 

အရင်နှစ်က မြေပဲတစ်တောင်းကို ကျပ် ၄၀၀၀ ဝန်းကျင်သာရရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ကျပ် ၅၀၀၀ ကျော်အထိ ဈေးပေါက်နေပေမယ့် အရောင်းအဝယ်လုပ်မယ့်အချိန်မှာ ဒေသမတည်မငြိမ်ဖြစ်သွားတဲ့အတွက် ဝယ်သူမရှိသလို ပဲဈေးတွေလည်း ကျဆင်းလာနေတယ်လို့ သိရပါတယ်။

 

“ထိုခိုက်မှုတွေတော့ အများကြီးရှိတာပေါ့နော်။ ပဲစိုက်တဲ့သူတွေအပြင် တခြားသီးနှံစိုက်ပျိုးတဲ့သူတွေလည်းဆုံးရှုံးမှုတွေ ရှိပါတယ်။ ကိုင်းတွေ၊ ယာတွေကိုပစ်ပြီးတော့ ထွက်ပြေးနေကြရတယ်ဆိုတော့ တရိစ္ဆာန်တွေကအစ ထိန်းကျောင်းမယ့်သူမရှိတော့ ထိခိုက်နေရတာပေါ့။”လို့ ကိုင်းလုပ်ငန်းရှင် ဦးသန်းနိုင်မိုး ကပြောပါတယ်။

 

လေးမြို့ဒေသဟာ ကိုင်း၊ ယာနဲ့ ဥယျဉ်ခြံလုပ်ငန်းတွေကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းတွေ ကျဆင်းသွားတဲ့နောက်ပိုင်းမှာ ကိုင်းစိုက်ပျိုးရေးလုပ်ငန်းတွေကို တစ်ခုတည်းသောစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြရတာလည်းဖြစ်ပါတယ်။

 

#voiceofmyanmar #ဆောင်းသီးနှံ #ရခိုင်သတင်း #မြောက်ဦး #ပဲဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW