နာဂဒေသမှာ တောမီးကူးစက်ရာကနေ လူနေအိမ် ၃၁ လုံး ပျက်စီးဆုံးရှုံး

ဒုံဟီး မတ် ၁၂

မိုင်ချယ်ရီ(VOM)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ် မှာ ရှိတဲ့ ဗိုတဲနုတ်ညိုကျေးရွာ နဲ့ ဟရှိတ်လုံကူးကျေးရွာ နှစ်ရွာမှာ တောမီးကနေတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ်စုစုပေါင်း ၃၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒုံဟီးမြို့ ဒေသခံတွေဆီက သိရပါတယ်။

နံနက် ၈ နာရီအချိန်က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဟရှိတ်လုံကူးကျေးရွာက လူနေအိမ် (၁၇)လုံး နေ့လယ် ၂ နာရီ အချိန်ခန့်က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဗိုတဲနုတ်ညိုကျေးရွာက လူနေအိမ် ၁၄ လုံးမီးလောင် ပျက်စီးခဲ့တာဖြစ်ပါတယ်။

မီးလောင်ခဲ့တဲ့ နေအိမ်တွေဟာဆိုရင် တစ်အိမ်နဲ့တစ်အိမ် နီးနီးကပ်ကပ်တည်ရှိတဲ့နေအိမ်တွေဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်တွေမှာ ရွာထဲမှာရှိတဲ့ လူတော်တော်များများက တောင်ယာလုပ်ငန်းခွင်တွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ အချိန်ဖြစ်တာကြောင့် အခုလို ပျက်စီးဆုံးရှုံးမှု များခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပျက်စီးသွားတဲ့နေအိမ်တွေ အတွက် ဒေသဦးစီးအဖွဲ့ကနေလည်း ကူညီထောက်ပံ့တာတွေ လုပ်သွားမှာပါ။လူကယ်ပြန်ဌာနကနေလည်း ထောက်ပံ့မှုတွေ ရဖို့ ဆောင်ရွက်ပေးမှာပါ” လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အလုပ်အမှုဆောင် ဦးကာစီရန်း(လူမှု) က ပြောပါတယ်။

အခုမီးလောင်မှု ကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ပေမယ့် လူတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့သိရပါတယ်။မီးလောင်တာကြောင့် နေအိမ်တွေ မရှိတော့တဲ့ လူတွေက သူတို့နဲ့ နီးစပ်ရာဆွေမျိုးတွေ နေအိမ်မှာ နေထိုင်နေကြရပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၂ ရွာဟာ ဒုံဟီးမြို့ကနေ ဆိုင်ကယ်လမ်း ကားလမ်း မပေါက်သေးပဲ ခြေလျင်သာသွားလို့ရတဲ့ ကျေးရွာတွေ ဖြစ်ပြီး ဒုံဟီးမြို့ကနေ ဆိုရင် တစ်ရက် အကြာ လမ်းလျှောက်မှ ရောက်တဲ့ နေရာမှာ တည်ရှိနေတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

#voiceofmyanmar #ဒုံဟီး #တောမီးလောင် #နာဂဒေသ

Related posts

Leave a Comment

VOM News

FREE
VIEW