ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ မိသားစုတွေအသိမပေးဘဲ ထောင်ပြောင်းရွှေ့

စစ်တွေ၊ ဧပြီ ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးဟာ ရသေ့တောင်မြို့ဟောပြောပွဲမှာ ပြောကြားခဲ့တာတွေနဲ့ပတ်သက်လို့ နှစ်ရှည်ထောင်ထောင်ဒဏ်ကျခံ နေရသူတွေဖြစ်ကြပါတယ်။

အဲ့ဒီနှစ်ဦးစလုံးမှာ နိုင်ငံတ်ာပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ နှစ် ၂၀၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ ၂ နှစ် စီကျခံနေရတာဖြစ်ပြီး မဧပြီလ ၆ ရက်နေ့ညနေပိုင်းက မိသားစုတွေကိုအသိမပေးဘဲ ထောင်ပြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။

“ထောင်ပြောင်းသွားတယ်ဆိုတာဟုတ်ပါတယ်။ မနေ့ကညနေပိုင်းမှာ ပြောင်းသွားတာပါ။ ကျွန်တော်တို့ မိသားစုတွေကိုလည်း အသိမပေးခဲ့ပါဘူး။ သတင်းကြားလို့ ကျွန်တော်တို့လိုက်သွားတဲ့အချိန်မှာ ယူသွားပါပြီ။ ပြည်ထဲရေးကနေ သီးသန့်လေယာဉ်နဲ့ ယူသွားတာလို့သိရပါတယ်။ ထောင်ကပြောတဲ့သတင်းတွေအရတော့ အင်းစိန်ထောင်ကိုရောက်နေတယ်လို့ သိရပါတယ်။တွေ့ခွင့်တော့မရသေးဘူး”လို့ စာရေးဆရာဝေဟင်အောင်ရဲ့ အစ်ကို ဦးသိန်းဝင်းကပြောပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးကို အင်းစိန်အကျဉ်းထောင်မှာ ရှိနေကြောင်းသတင်းရရှိထားပြီး မနက်ဖြန် ဧပြီ ၈ ရက်နေ့မှာ မိသားစုတွေနဲ့ တွေ့ခွင့်ရရှိမယ်လို့ပြောပါတယ်။

“ခုလို မိသားစုတွေကို အသိမပေးဘဲ ပြောင်းသွားတာကတော့ နည်းလမ်းမကျဘူးလို့မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိသားစုတွေကတော့ သိခွင့်ရသင့်တာပေါ့။ ဥပဒေကြောင်းအရပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးရှုထောင့်ကပဲဖြစ်ဖြစ်။ လူသားတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် အသိပေးသင့်တယ်။ အခုတော့ခိုကြောင်ခိုးဝှက်လုပ်သွားတယ်လို့မြင်ပါတယ်။”လို့ ဦးသိန်းဝင်းကပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကို အခုလို မိသားစုတွေသိခွင့်မရဘဲ ထောင်ပြောင်းရွှေ့ခံလိုက်ရတာဟာ ဘယ်လောက်ထိ စိုးရိမ်စရာတွေရှိလာမယ်ဆိုတာကို လောလောဆယ်မှာ ပြောဖို့အတွက်စောနေသေးကြောင်းနဲ့ သူတို့နဲ့တွေ့ခွင့်ရရှိပြီးမှ ပြောနိုင်မှာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ဒေါက်တာအေးမောင် #အင်းစိန်ထောင်

Related posts

Leave a Comment

VOM News

FREE
VIEW