ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေး

 

ဘူးသီးတောင်၊ ဧပြီ ၁၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းက နွားရုံတောင်ကျေးရွာသားတွေဟာ မနေ့ကစတင်ပြီး တော့ ကျေးရွာအနီးလက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားနေတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

 

နွားရုံတောင်ကျေးရွာဟာ စံဂိုးထောင်ကျေးရွာအုပ်စုအတွင်းတည်ရှိနေပြီး မနေ့ညနေပိုင်းကနေ ဖုံညိုလိပ်ကျေးရွာ ဘက်ကနေပြီးတော့ ထိပ်ထူးပေါက်တောင်တန်းဘက်သို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေပြီး ညနေပိုင်းမှာ နွားရုံတောင်ကျေးရွာဘက်သို့ တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တဲ့အတွက် ကျေးရွာသားတွေ ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

“မနေ့ကညနေပိုင်းမှာ ဖုံညိုလိပ်ဘက်ကနေပြီးတော့ စံဂိုးထောင်တို့ နွားရုံတောင်တို့ဘက်ကို စစ်ကြောင်းတွေဝင်လာတယ်။ အဲ့ဒီမှာ ပစ်ခတ်မှုတွေပြုလုပ်တယ်။ တစ်ညလုံးပစ်တယ်။ ဒါကြောင့် ရွာသားတွေကြောက်ပြီးတော့ ထွက်ပြေးလာခဲ့ကြ တာပါ။”လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

 

ဒါ့အပြင် ကျေးရွာသားတွေထွက်ပြေးလာခဲ့ကြတဲ့အချိန်မှာ ကျေးရွာတွင်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး ကျန်းမာရေး မကောင်းတဲ့ အဘိုးအိုလင်မယားနှစ်ယောက် သာကျန်နေခဲ့တာဖြစ်ပါတယ်။

“တစ်ရွာလုံးထွက်ပြေးလာခဲ့တဲ့အချိန်မှာတော့ ရွာမှာ အသက်ကြီးပိုင်း လင်မယားနှစ်ယောက်ကျန်ခဲ့တယ်။ နေလည်း မကောင်းဘူးလို့ သားကဖုန်းဆက်လာတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကိုသွားယူမလို့လုပ်နေတာ။ ပစ်ခတ်မှုတွေ ရှိနေသေးတဲ့အတွက် သွားဖို့အခက်အခဲဖြစ်နေပါတယ်။”လို့ ဦးမောင်ကျော်ဇံကပြောပါတယ်။

အဲ့ဒီကျေးရွာသားတွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိတဲ့ စေတီတောင်ကျေးရွာကို ထွက်ပြေးရောက်ရှိနေကြတာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ဘူးသီးတောင် #နွားရုံတောင်

Related posts

Leave a Comment

VOM News

FREE
VIEW