ရန်ကုန် ၊ မေ ၁-၂၀၁၉
သူရိန် (VOM)
သိမ်းဆည်းခဲ့တဲ့လယ်ယာမြေတွေကို ရောင်းချပြီး လယ်သမားများ ကို လျော်ကြေးပေးဖို့ ဘီလီယံ ၄၀ နီးပါးခန့် ရှိတယ်လို့ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ မြေလျော်ကြေးပေးဖို့ ရှိပါတယ်။ မြေလျော်ကြေးပေးတဲ့ ကိစ္စပေါ်မှာ မြေလိုချင်တယ် လျော်ကြေးမလိုချင်ဘူးဆိုတဲ့ အသံတွေလဲ ကြားရပါတယ်။ ဒီမြေတွေကို ရောင်းပါမယ်။ အသိမ်းခံရတဲ့ လယ်သမားတွေကို အဲ့အချိန်ကာလက ပေါက်ဈေးနဲ့ လျော်ကြေးပေးပါမယ်။ သိမ်းဆည်းခံခဲ့ရသည့် လယ်သမားများကို လျော်ကြေးပေးဖို့က ဘီလီယံ ၄၀ နီးပါးခန့် ရှိတာကြောင့်မြေတွေကို ကာလပေါက်ဈေး အတိုင်း ထုတ်ရောင်းသွားမယ်။ ဒီမြေပေါ်မှာ သူနေနေတယ်ဆိုရင် သူ့ရဲ့ အခြေခံအဆောက်အအုံကြေးထည့်ဝင်ထားတဲ့ မြေပေါ်မှာ ဝယ်ပါ ကျွန်တော်တို့ရောင်းမယ်။အခုလွှတ်တော်မှာ လမ်းခင်းပေးပါ မြောင်း ဖောက်ပေးပါ လမ်းကူးတံတားတွေ လုပ်ပေးပါဆိုတဲ့ ပိုက်ဆံကို နှစ်တိုင်း ဘီလီယံနဲ့ချီပြီး မြှုပ်နှံနေရပါတယ် ။အဲ့ဒီဘီလီယံနဲ့ချီပြီး မြှုပ်နှံလို့ ဒဂုံမြို့သစ်ကြီးဟာ အခုအဆင့်ကို ရောက်လာတာဖြစ်ပါတယ်။ ဒီငွေတွေ မထည့်ဘဲနဲ့ လယ်ကွင်းထဲမှာပဲရှိတဲ့ မြေကြီးတစ်ခုရဲ့တန်ဖိုး ဟာ ဒီဈေးမဖြစ်နိုင်ပါဘူး။ အခုလိုမျိုး အခြေခံအဆောက်အအုံကြေးတွေ အများကြီးထည့်ပြီးတဲ့ မြေကိုမှ လယ်သမားက လယ်ဈေးနဲ့ပြန်ယူပြီး အပြင်မှာ ဒီအခြေခံအဆောက်အအုံထည့်ထားတဲ့ဈေးနဲ့ ပြန်ရောင်း မယ်ဆိုတာတော့ တိုင်းဒေသကြီးအစိုးရက နိင်ငံတော်နဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေအပေါ်မှာသစ္စာရှိရပါလိမ့်မယ် “ လို့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောပါတယ်။
လှိုင်သာယာ၊ အင်းဂလိုင်ကွင်းမှာ လယ်သိမ်းခံထားရသူ ဒေါ်လှရီကတော့ “ကျွန်မတို့ကလျော်ကြေးဆိုတာထက်ကိုယ့်လယ်ကိုပြန်လိုချင်ပါတယ်။ တခြားအလုပ်လဲမလုပ်စားတက်ဘူး။ လယ်ကိုနောက်ဆုံးပြန်မရနိုင်ဘူးဆိုရင်တော့ ကာလပေါက်ဈေးအတိုင်းလျော်ကြေးတော့ရချင်ပါတယ်” လို့ပြောပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဒီလိုထုတ်ရောင်းရာမှာဒီမြေတွေအပေါ် လုပ်ငန်းရှင်တွေဘက်က လုပ်ငန်းဆောင်ရွက်မယ်ဆိုရင်ရောင်းချပေးမှာဖြစ်ပေမယ့်ဒီမြေတွေ ကို ဝယ်ယူပြီး မြေကစားတာကို ခွင့်ပြုမှာ မဟုတ်ဘဲ အမှန်တကယ် စက်ရုံ၊အလုပ်ရုံတွေ လာရောက် တည် ဆောက်တာနဲ့ဒီနေရာမှာ အမှန်တကယ် အများပြည်သူ နေထိုင်ရေးကိစ္စအတွက် အဆင်ပြေနိုင်တဲ့တန်ဖိုးသင့် ၊တန်ဖိုးမျှတသည့် အိမ်ရာတွေပေါ်ထွန်းရေး ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီမြေတွေကို မကြာမီကာလမှာထုတ်ရောင်းဖို့အတွက် တိုင်းဒေသကြီးမှာ ကော်မတီတစ်ရပ်ဖွဲ့စည်းထား တယ်လို့လည်း ပြောသွားပါတယ်။
ဓာတ်ပုံ…လယ်ယာမြေဆိုင်ရာရှင်းလင်းပွဲတခု
#voiceofmyanmar #လယ်ယာမြေ #သိမ်းဆည်းခံလယ်မြေတွေလျော်ကြေးပေးမည်