ရန်ကုန်၊ မေ ၁-၂၀၁၉
သူရိန် (VOM)
ပြည်တွင်းလက်လီလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးတိုးချဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အရင်းအနှီးရရှိနိုင်ရန်ခက်ခဲနေတယ် လို့ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲမှာ လက်လီလုပ်ငန်းရှင်တွေက တင်ပြကြပါတယ်။
လက်လီရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်တင်စုလှိုင်ပြောသွားတာကတော့ “ ပြည်တွင်းလက်လီလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးချဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အတွက် အရင်းအနှီးရရှိနိုင်ဖို့ခက်ခဲနေပါတယ်။ ပြည်တွင်းချေးငွေအပေါ်ပေးရတဲ့ အတိုးနှုန်းမြင့်မားမှုနဲ့ မြေဈေး ကြီးမြင့်ပြီးမြေနေရာရှားပါးမှု အခက်အခဲများနဲ့လည်းရင်ဆိုင်နေရပါတယ်။ နိုင်ငံတော်အနေနဲ့အစိုးရပိုင်မြေနေရာတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ငှားရမ်းပေးတဲ့အခွင့်အရေးမျိုးကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားကုမ္ပဏီများကိုအသုံးပြုခွင့်ပေးရုံသာမက ပြည်တွင်းလုပ်ငန်းရှင်များကိုပါ စနစ်တကျ အတူယှဉ်ပြိုင်ခွင့်ပေးပြီး ငှားရမ်းရယူနိုင်ရန်ဖို့စီစဉ်ဆောင်ရွက် ပေးစေချင်ပါတယ် “ လို့တင်ပြသွားပါတယ်။
ဒါအပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနဲ့ဖက်စပ်လုပ်ငန်းများရဲ့ လက်လီ၊ လက်ကား လုပ်ကိုင်ခွင့်ပြုမှုမှာ ပြည်တွင်း ထုတ်လုပ်သူများ ဈေးကွက်ပါ ထိခိုက်နိုင်တဲ့အတွက်Trading နှင့် Distribution ပါဝင်မှုကို အချိန်တခုသတ်မှတ်၍ ကန့်သတ်ပေးစေလိုပါတယ်။ လို့လည်းပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ “ဒီအတွက် အခု လက်လီနဲ့ ပတ်သက်ရင် ကျွန်တော်တို့ဘက်က စိတ်ဝင်စားပါတယ်။ အခုစက်သုံးဆီနဲ့ ပတ်သက်ရင် ကျွန်တော်တို့ အထူးဂရုစိုက်ပါတယ်။ လက်လီနဲ့ပတ်သက်ရင် နိုင်ငံခြားကလာ လုပ်ရင်ဆိုတဲ့ လုပ်ငန်းတွေပေါ်လာတိုင်း စိတ်ပူတတ်ပါတယ်။ အဲ့နေရာမှာ မြေတို့ အဆောက်အဦးတို့နဲ့ ပတ်သက်ပြီး စိတ်ပူပန်မှုတွေတော်တော်များများရှိပါတယ်။ သိပ်ပြီးမပူပန်ဖို့အတွက် ပြောလိုပါတယ်” လို့ပြောပါတယ်။
ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နေတဲ့ ဖိတ်ခေါ်မှုက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးကဏ္ဍ တခုဖြစ်ပြီး အလုပ်အကိုင်အခွင့်လမ်းတွေကို များစွာ ဖန်တီးပေးထားနိုင်တာကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် အခွင့်အလမ်းတွေ ပေးရမှာဖြစ်တယ်လို့သိရပါတယ်။
#voiceofmyanmar #လက်လီလုပ်ငန်း #မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း