ပြည်တွင်းလက်လီလုပ်ငန်းရှင်များ စီးပွားရေးတိုးချဲ့ရန် အတွက် အရင်းအနှီးရရှိနိုင်ရန်ခက်ခဲ​နေ

ရန်​ကုန်​၊ ​မေ ၁-၂၀၁၉

သူရိန် (VOM)

 

 

 

ပြည်တွင်းလက်လီလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးတိုးချဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အရင်းအနှီးရရှိနိုင်ရန်ခက်ခဲ​နေတယ်​ ​လို့ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲမှာ  လက်လီလုပ်ငန်းရှင်တွေက တင်ပြကြပါတယ်။

 

 

လက်လီရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်တင်စုလှိုင်ပြောသွားတာကတော့ “ ပြည်တွင်းလက်လီလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးချဲ့ရင်းနှီးမြှုပ်နှံမှု​တွေလုပ်​ဖို့ အတွက် အရင်းအနှီးရရှိနိုင်ဖို့ခက်ခဲ​နေပါတယ်​။ ပြည်တွင်းချေးငွေအပေါ်ပေးရတဲ့ အတိုးနှုန်းမြင့်မားမှုနဲ့ မြေဈေး ကြီးမြင့်ပြီးမြေနေရာရှားပါးမှု အခက်အခဲများနဲ့လည်းရင်ဆိုင်နေရပါတယ်​။ နိုင်ငံတော်အနေနဲ့အစိုးရပိုင်မြေနေရာ​တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ငှားရမ်းပေးတဲ့အခွင့်အရေးမျိုးကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားကုမ္ပဏီများကိုအသုံးပြုခွင့်ပေးရုံသာမက ပြည်တွင်းလုပ်ငန်းရှင်များကိုပါ  စနစ်တကျ အတူယှဉ်ပြိုင်ခွင့်ပေးပြီး ငှားရမ်းရယူနိုင်ရန်​ဖို့စီစဉ်ဆောင်ရွက် ပေး​စေချင်​ပါတယ်​ “  လို့တင်ပြသွားပါတယ်။

 

 

ဒါအပြင်​နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနဲ့ဖက်စပ်လုပ်ငန်းများရဲ့ လက်လီ၊ လက်ကား လုပ်ကိုင်ခွင့်ပြုမှုမှာ ပြည်တွင်း ထုတ်လုပ်သူများ ဈေးကွက်ပါ ထိခိုက်နိုင်တဲ့အတွက်​Trading နှင့် Distribution ပါဝင်မှုကို အချိန်တခုသတ်မှတ်၍ ကန့်သတ်ပေး​စေလိုပါတယ်​။ လို့လည်းပြောပါတယ်။

 

 

ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းကတော့  “ဒီအတွက် အခု လက်လီနဲ့ ပတ်သက်ရင် ကျွန်တော်တို့ဘက်က စိတ်ဝင်စားပါတယ်။ အခုစက်သုံးဆီနဲ့ ပတ်သက်ရင် ကျွန်တော်တို့ အထူးဂရုစိုက်ပါတယ်။ လက်လီနဲ့ပတ်သက်ရင် နိုင်ငံခြားကလာ လုပ်ရင်ဆိုတဲ့ လုပ်ငန်းတွေပေါ်လာတိုင်း စိတ်ပူတတ်ပါတယ်။ အဲ့နေရာမှာ မြေတို့ အဆောက်အဦးတို့နဲ့ ပတ်သက်ပြီး စိတ်ပူပန်မှုတွေတော်တော်များများရှိပါတယ်။ သိပ်ပြီးမပူပန်ဖို့အတွက် ပြောလိုပါတယ်​” လို့​ပြောပါတယ်​။

 

 

ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်​နေတဲ့ ဖိတ်ခေါ်မှုက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးကဏ္ဍ တခုဖြစ်ပြီး အလုပ်အကိုင်အခွင့်လမ်း​တွေကို များစွာ ဖန်တီးပေးထားနိုင်တာကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် အခွင့်အလမ်းတွေ ပေးရမှာဖြစ်​တယ်​လို့သိရပါတယ်​။

 

 

#voiceofmyanmar #လက်လီလုပ်ငန်း #မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW