နိုဝင်ဘာ ၉ – ၂၀၂၆
SN (VOM)
ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပြည်ပမှ ပို့ကုန်ရငွေ သတ်မှတ်ချက်အတိုင်း ပို့ကုန်လုပ်ငန်းရှင်ရဲ့ နိုင်ငံခြားငွေဘဏ်စာရင်းမှာ ထားရှိခွင့်ကို ရက်ပေါင်း ၃၀ အစား ၄၅ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ကြေညာထားပါတယ်။
အခုလို ပို့ကုန်ရငွေတွေထဲက ကိုယ်တိုင်သုံးစွဲနိုင်မယ့် ပမာဏကို ဘဏ်စာရင်းမှာ ထားရှိနိုင်မယ့်ရက် တိုးမြှင့်ပေးခြင်းဟာ ပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ ပြည်ပကို ငွေပေးချေခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အချိန်ပိုမိုရရှိစေဖို့အပြင် ပို့ကုန်နဲ့ သွင်းကုန်အတွက် နိုင်ငံခြားငွေ လုပ်ငန်းလည်ပတ်မှု အဆင်ပြေ ချောမွေ့စေဖို့၊ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “အရင်တုန်းက ရက် ၃၀ ပဲဆိုတော့ ငွေဝင်လာပြီးတာနဲ့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးပြန်သုံးဖို့၊ လဲလှယ်ဖို့ တော်တော်ကို အချိန်လုခဲ့ရတယ်။ ပို့ကုန်ရငွေဝင်ပြီး တလအတွင်းမှာပဲ သွင်းကုန်လိုင်စင် လျှောက်တာ၊ ကုန်ပစ္စည်းမှာယူတာ၊ အော်ဒါအသစ်တွေအတွက် ငွေပေးချေတာတွေကို အမီလုပ်ရတာလေ။ အခု ၄၅ ရက်အထိ အချိန်ရသွားပြီဆိုတော့ သွင်းကုန်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့နဲ့ ကုန်ပစ္စည်း မှာယူတင်သွင်းနိုင်ဖို့တွေအတွက် အချိန်ပိုရသွားတာပေါ့” လို့ ပြောပါတယ်။
အခုလို မိမိစာရင်းထဲ နိုင်ငံခြားငွေ ရက်ပိုမိုထားရှိခွင့် ရရှိလာတာကြောင့် သွင်းကုန်အဝယ်ရှိမယ့် အချိန်နဲ့ ပို့ကုန်ရငွေ ဝင်ရောက်မယ့်အချိန်ကို ထိန်းညှိနိုင်ဖို့ လွယ်ကူသွားတဲ့အပြင် ကုန်သည်တွေအတွက် ပြင်ပမှ နိုင်ငံခြားငွေ ထပ်မံဝယ်ယူရမယ့် လိုအပ်ချက်ကိုလည်း လျှော့ချပေးနိုင်မှာဖြစ်သလို လုပ်ငန်းတွင်း ငွေကြေးလည်ပတ်မှုကိုပါ ပိုမို အားကောင်းစေနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ပို့ကုန်လုပ်ငန်းရှင်အနေနဲ့ မိမိကိုယ်တိုင် သွင်းကုန် ပြန်လည်တင်သွင်းမှု မပြုလုပ်ဘဲ Online Trading Platform နဲ့ AD ဘဏ်တွေကတဆင့် တခြား သွင်းကုန်သမားထံ ပို့ကုန်ရငွေ ပြန်လည်လွှဲပြောင်း ရောင်းချလိုပါကလည်း ပိုမိုသင့်တော်တဲ့ စျေးနှုန်းနဲ့ အချိန်ကို စောင့်ဆိုင်းရောင်းချနိုင်ဖို့ ၁၅ ရက်စာ အခွင့်အရေး ပိုမိုရရှိသွားတယ်လို့ နောက်ထပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ပို့ကုန်ကရတဲ့ ဒေါ်လာကို ကိုယ်တိုင် သွင်းကုန်ပြန်သွင်းဖို့ သုံးတဲ့အခါမှာ အချိန်က အဓိကပဲ။ အခုလို ၄၅ ရက်အထိ ထားခွင့်ပေးတာက သွင်းကုန်သမားတွေဆီ ပြန်ရောင်းချင်ရင်တောင် စျေးကွက်ထဲက လိုအပ်ချက်ကိုကြည့်ပြီး အေးအေးဆေးဆေး စီမံလို့ရသွားပြီ။ ဒါပေမယ့် ပို့ကုန်ရငွေထဲက မဖြစ်မနေ အတင်းလဲခိုင်းတဲ့ ရာခိုင်နှုန်းမူဝါဒတွေကိုပါ နောက်ထပ် ထပ်ပြီး လျှော့ပေးနိုင်ရင်တော့ ပို့ကုန်ကဏ္ဍက ပိုပြီး လျင်လျင်မြန်မြန် တိုးတက်လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ – ခ ပြဋ္ဌာန်းချက်အရ ပို့ကုန် တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေကို နိုင်ငံခြားငွေနဲ့ မိမိတို့ရဲ့ ဘဏ်စာရင်းကို ဝင်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ပုဂ္ဂလိက နိုင်ငံခြားငွေစာရင်းမှာ ရက် ၃၀ အထိ ပို့ကုန်ရငွေတွေ ထားရှိခွင့်ကို ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆ ရက်စွဲပါ စာအမှတ် အက်ဖ်အီး-၁/ ပက/ ၁၉၅၆ နဲ့ သတ်မှတ် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
Photo – GNLM
