နိုင်ငံကူးလက်မှတ်သက်တမ်း ငါးနှစ် ကျော်လွန်သူတွေ CI နဲ့ မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမယ်

နိုဝင်ဘာ ၉ – ၂၀၂၆
SS (VOM)
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ငါးနှစ်အထက် ပျက်ကွက်တဲ့ ထိုင်းနဲ့ မလေးရှားရောက် မြန်မာလုပ်သားတွေအနေနဲ့ သက်ဆိုင်ရာ သံရုံးတွေမှာ သက်တမ်းတိုးခွင့် မပြုတော့ဘဲ တခါသုံး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) လျှောက်ထားကာ မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးပြီး နှစ်နှစ်မှ ငါးနှစ်အတွင်း သက်တမ်းတိုး ပျက်ကွက်နေသူတွေကို ဒဏ်ကြေးနဲ့ သက်တမ်းတိုးခွင့် ပြုထားပေမယ့် ငါးနှစ်အထက် ကျော်လွန်သူတွေကတော့ သံရုံးမှာ သက်တမ်းတိုးခွင့် ရရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတယောက်က “ငါးနှစ်အထက် ပတ်စ်ပို့သက်တမ်းတိုး ပျက်ကွက်လို့ မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမယ်ဆိုရင် ဒီဘက်မှာက အလုပ်အကိုင်တွေ ထိခိုက်နိုင်တယ်။ နေထိုင်ခွင့် ဗီဇာတွေရော အကုန် ပြဿနာတက်ကုန်တော့မှာ။ အပြန်တခေါက်နဲ့ အသွားတခေါက် ကုန်ကျစရိတ်တွေကလည်း မလွယ်ဘူးလေ။ ခရီးစရိတ် ကုန်ကျမှာအပြင်ကို လုံခြုံရေးအရ စိုးရိမ်ရတာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
မလေးရှားနိုင်ငံရှိ မြန်မာလုပ်သား တယောက်ကလည်း အခုလို သတ်မှတ်ချက်ဟာ တရားဝင်နေထိုင်ဖို့ ကြိုးစားနေသူတွေအတွက် အခက်အခဲ ပိုမိုဖြစ်စေနိုင်ပြီး မြန်မာပြည်ကို ပြန်ဖို့ ဆိုတာက လက်ရှိအခြေအနေအရ လွယ်ကူတဲ့ကိစ္စရပ် မဟုတ်ဘူးလို့ ပြောပါတယ်။
“တခါသုံး CI နဲ့ ပြန်ရမယ်ဆိုရင် မြန်မာပြည်ကို ပြန်ရောက်ရင်ရော ဘာတွေဆက်ဖြစ်မလဲ မသိရဘူး။ ဒီမှာက မိသားစု စားဝတ်နေရေးအတွက် ထွက်လုပ်နေရတာဆိုတော့ စိုးရိမ်စရာ ဖြစ်လာတယ်။ ခွင့်ရဖို့ကလည်း မလွယ်ဘူးလေ။ ပြီးတော့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ဆိုတာက အခွန်အခတွေရော၊ ပွဲစားခတွေပါ ပေါင်းလိုက်ရင် ကုန်ကျစရိတ်တွေ အများကြီး ရှိလာနိုင်တယ်” လို့ သူက ပြောပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ ဝင်ငွေခွန် များစွာအပြင် စာအုပ်ဖိုးနဲ့ ပွဲစားခတွေ အပါအဝင် စုစုပေါင်း ငွေကြေး ကုန်ကျစရိတ် အလွန်များပြားတာကြောင့် ဝင်ငွေနည်းပါးတဲ့ အခြေခံ လုပ်သားတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။
ဒါအပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအတွက် သံရုံးတွေမှာ ရက်ချိန်းယူရတာ၊ စာရွက်စာတမ်း အပြည့်အစုံ မပြည့်စုံတာအပြင် အများအားဖြင့် ပွဲစားတွေကိုသာ အဓိက အားကိုးနေရတာကြောင့် အချိန်ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး နောက်ကျမှုအတွက် သက်တမ်းလွန်ကာလ နှစ်နှစ်အထိ သံရုံးတွေက ဒဏ်ကြေး ကောက်ခံတာမရှိပေမယ့် နှစ်နှစ်ကနေ ငါးနှစ်အတွင်း သက်တမ်း ကျော်လွန်သူတွေကိုတော့ နိုင်ငံအလိုက် ငွေကြေးတွေနဲ့ ဒဏ်ကြေးကောက်ယူနေတယ်လို့ သိရပါတယ်။
နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ဒဏ်ကြေး နှုန်းထားတွေကတော့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ဘတ် ၅၅၀ ၊ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ရင်းဂစ် ၆၀ နဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဘန်ကောက်နဲ့ ဝါရှင်တန်ရှိ သံရုံးတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှ စတင်ကာ ဒဏ်ကြေး ကောက်ခံနေတာဖြစ်ပြီး ကွာလာလမ်ပူသံရုံးကတော့ နိုဝင်ဘာ ၅ ရက်နေ့မှစတင်ကာ ဒဏ်ကြေး ကောက်ခံနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW