မြောက်ဦး၊ မေ ၁၆ -၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့က (မေ ၁၅ ရက်) မိုးသက်လေပြင်းကျရောက်ခဲ့တဲ့အတွက် စင်္ဘောကိုင်း ဒုက္ခသည်စခန်းက တဲအိမ်တွေပျက်စီးသွားခဲ့ပါတယ်။
“ညနေပိုင်းမှာ ရုတ်တရက်မိုးတွေရွာပြီးတော့ လေတိုက်တယ်။ လေကတော်တော်လေးကို ပြင်းပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေနေတဲ့ တဲတွေပျက်စီးသွားပါတယ်။ စခန်းတစ်ခုလုံးပါပဲ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ ဒုက္ခသည်စခန်းဟာ မြောက်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် လေးမြို့မြစ်အထက်ပိုင်းမှာရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်တဲ့စခန်းတစ်ခုဖြစ်ပါတယ်။ ယာယီတဲအိမ်ပေါင်း ၃၅၀ ခန့်ရှိပြီး အားလုံးပျက်စီးသွားခဲ့တာပါ။
” လေတိုက်ပြီးတော့ ခေါင်မိုးတွေလန်သွားတယ်။ အကာနံရံတွေကွာကျသွားတယ်။ ပြင်လို့ရတဲ့ဟာတွေကိုတော့ ပြင်ထားပါပြီ။ လောလောဆယ် နေထိုင်လို့ရအောင်အတွက်ပါ။ လုံးဝပျက်စီးသွားတာကတော့ ၃၅ ဆောင်ဖြစ်ပါတယ်။”လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်ကပြောပါတယ်။
လုံးဝပျက်စီးသွားတဲ့ တဲအိမ် ၃၅ လုံးကိုတော့ သစ်ဝါးတွေစုဆောင်းပြီး ပြန်လည်ဆောက်လုပ်ရမှာဖြစ်တဲအတွက် အကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။
#voiceofmyanmar #လေပြင်းကြောင့် ဒုက္ခသည်စခန်းပျက်စီး #မြောက်ဦး