သာယာဝတီ၊ မေ – ၂၂ – ၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း သာယာဝတီ မြို့ ဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတယ်ဆိုပြီး ဒီနေ့ နေ့လည်က စက်ရုံအလုပ်သမား အားလုံးနီးပါး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
“ကျွန်မတို့စက်ရုံက ၁၁နာရီမှာ ထမင်းစားဖြုတ်တယ်။ ၁၂နာရီ ၁၅ မှာ အလုပ်ပြန်ဝင်ရမှာကို ပြန်မဝင်ဘဲ ဆန္ဒပြနေကြတာပါ။ တစ်စက်ရုံလုံးဘဲ အကုန်လုးံ သုံးထောင်ကျော်တယ်။”လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ မကေကေ က ပြောပါတယ်
နှစ်ပြည့် ခံစားခွင့် ရက်မှန်ကြေး ၄၈၀၀၀ ကျပ်ကို တစ်နှစ်ပြည့်ပြီး ၆ လကြာမှသာ စက်ရုံဘက်က ထုတ်ပေးတာကိုလည်း မကျေနပ်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ စက်ရုံအလုပ်သမား မဝင်းမာက ပြောပါတယ်။
မြို့နယ် /ရွာ ဖယ်ရီကားချပေးဖို့၊ သောက်သုံးရေ မသန့်ရှင်းတဲ့ကိစ္စဖြေရှင်းပေးဖို့၊ သာရေး နာရေး ခွင့်ပေးဖို့၊ မိဘ အရင်းသေရင် ရက်လည်အထိ ခွင့်ပေးဖို့ အပါအ၀င် အချက် ၂၀ ကို တောင်းဆိုခဲ့ကြတာပါ။
အခုတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အလုပ်ရှင် အလုပ်သမားတွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ညနေ ၅ နာရီကျော်အထိ ညှိုနှိုင်းမှု အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် တောင်းဆိုမှုတွေ မရမချင်း ဆက်လက်ဆန္ဒထုတ်ဖော်သွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒီနေ့ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကို တွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားပေးတာ မရှိပါဘူး။
#voiceofmyanmar # ဟွာရှိန်အထည်စက်ရုံမှာဆန္ဒထုတ်ဖော် #သာယာဝတီ #ပဲခူးတိုင်း