အမျိုသားရေးဆရာတော် ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းချက်

မန္တလေး၊ မေ – ၂၉ – ၂၀၁၉

နေလင်း(VOM)

 

အမျိုးသားရေဝါဒီ ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်လိုက်ပြီဖြစ်လို့ သူ့ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ဦးဝီရသူကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ရေးသားဖော်ပြလိုက်ပါတယ်။

 

 

မေး။    ။ ဆရာတော် အခု ဘယ်မှာရောက်နေပါလဲဘုရား။

ဖြေ။     ။ရန်ကုန်မှာ။

 

မေး။    ။ဆရာ့တော့်ကို ပုဒ်မ ၁၂၄ နဲ့ ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဘာများသိထားလဲဘုရား။

ဖြေ။     ။လိုင်းပေါ်မှာတက်နေတဲ့သတင်းတွေတော့ သိထားတာပေါ့နော်။ ကျန်တာကတော့ ကျောင်းကိုလှမ်းမေးတော့ ကျောင်းတိုက်ကတော့ ဘာမှမထူးခြားဘူးလို့ ပြောတာပဲ။

 

မေး။    ။ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ကရော အကြောင်းကြားတာရော ရှိပြီလားဘုရား။

ဖြေ။     ။မရှိသေးပါဘူး။

 

မေး။    ။ရဲတပ်ဖွဲ့ကလည်း အကြောင်းမကြားသေးဘူးဆိုတော့ ရန်ကုန်တိုင်းသံဃာ့မဟာနာယက,က ဆရာတော်ကိုပင့်ထားတာအတွက် ကြွဖို့ ရောက်နေတာလား ဘုရား။

ဖြေ။     ။အဓိကကတော့ ရန်ကုန်တိုင်း သံဃာ့မဟာနာယက,က ပင့်ခေါ်တဲ့စာ ၂၃ ရက်နေ့မှာရောက်ထားတာလေ။ လာကပ်တဲ့အဖွဲ့ကိုလည်း ပြောလိုက်တယ်၊ ဒါသံဃာထေကြီးဝါကြီးတွေပဲ၊ လာပြီး ဩဝါဒခံယူရမှာပေါ့လို့ ပြောလိုက်တာပေါ့နော်။ အဲဒီအတွက် ဦးဇင်းဩဝါဒလာပြီးခံယူတာပါ။

 

မေး။    ။ဒီ ၁၂၄ ဆိုတဲ့ ပုဒ်မရော လေ့လာပြီးပြီလား ဘုရား။

ဖြေ။     ။လေ့လာပြီးပါပြီ။

 

မေး။    ။တင်ပါ့၊ အဲ့တော့ ၁၂၄ နဲ့စွဲထားတာနဲ့ပတ်သက်ပြီး ဆရာတော်ဘယ်လို ထင်မြင်ယူဆထားတာများရှိလဲ ဘုရား။

ဖြေ။     ။အဓိကကတော့ ဆမက ပုဒ်မပါ ဒကာရယ်။ လက်နက်ကြီးနဲ့ထုတဲ့ သဘောပေါ့။ ဘာလို့လည်းဆိုတော့ အဲဒီ ၁၂၄ မှာက ဌာနနာမည် တိုက်ရိုက်ပါရမယ်လေ၊ နောက်အစိုးရဆိုတဲ့ စကားလုံးပါရမယ်လေ။ ဦးဇင်းမှာက အစိုးရဆိုတဲ့ စကားလုံးလည်းမသုံးဘူး၊ ဌာနနာမည်တွေလည်းတိုက်ရိုက်မသုံးဘူးဆိုတော့ ထင်မြင်ယူဆလောက်စရာဆိုတဲ့ ပုံစံမျိုးနဲ့ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတဲ့ သက်ရောက်မှုလေးနဲ့ပဲ စွဲတာပေါ့နော်။ နောက်အဲဒီလိုစွဲအုံးတော့ ၁၂၄ (က)မှာ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ် ၁၊ ၂၊ ၃ တွေ ကြည့်လိုက်တဲ့အခါမှာ အမှန်အတိုင်းပြောလို့ရှိရင် ဥပဒေအရ သက်ရောက်မှုမရှိစေရဆိုတာ ပါတာပေါ့နော်။ ဥပဒေစိုးမိုးတဲ့ခေါတ် တရားသူကြီးတွေက တစုံတရာဖိအားမပါဘဲနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တဲ့ စီရင်နိုင်ခွင့်ရှိတဲ့ခေါတ်ဆိုလို့ရှိရင်တော့ ဦးဇင်းက ဒီ ၁၂၄ (က) ကို ကျော်လွှားနိုင်မှာ။

 

မေး။    ။အခုတိုင်းဆိုရင်ရော ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်လား ဘုရား။

ဖြေ။     ။ဥပဒေ စိုးမိုးမှု၊ မစိုးမိုးမှုနဲ့ တရားသူကြီးတွေ လွတ်လပ်ခွင့်ရှိမရှိ၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိမရှိ အဲ့အပေါ်မှာမူတည်တာပေါ့နော်။ ဟောလို့ပြောလို့နဲ့ ဟောချက်၊ပြောချက်ကြောင့်ဆိုရင်တော့ ကိုယ်က ယုံကြည်ချက် အပြည့်အဝရှိတာပေါ့။

 

မေး။    ။အဲတော့ ဒီကြားထဲမှာများ ရဲတပ်ဖွဲ့ကဖမ်းဝရမ်းထုတ်ထားတာဆိုတော့ ဖမ်းတာပြုတာတို့ဘာတို့များ ရှိလာရင် ဆရာတော် ဘယ်လို လုပ်မလဲဘုရား။

ဖြေ။     ။အော် ဒကာရယ် ဖမ်းရင်တော့ခံရမှာပေါ့နော်။ ဒါပေမယ့် ဒီထေကြီးဝါကြီးတွေ ဆင့်ခေါ်လို့လာတာကို ဖမ်းတယ်ဆိုရင် ဒါထေကြီးဝါကြီးတွေရဲ့ရှေ့မှောက်မှာဖမ်းမယ်ဆိုရင်တော့ အစိုးရ သိက္ခာကျတာပေါ့ဗျာ။ ဖမ်းစရာ အကြောင်းအရင်းတွေ အများကြီးရှိတယ်လေ။ ရန်ကုန်တိုင်းသံဃာ့နာယက ဆရာတော်တွေက ဩဝါဒပေးဖို့ပဲ ခေါ်တာဆိုရင်တော့ ဩဝါဒသီးသန့်ပဲ ပေးရမှာပေါ့နော်။ အစိုးရရဲ့အစီအရင်တွေ မပါသင့်ဘူးပေါ့နော့်။ ဒါပေမယ့် အစိုးရရဲ့အစီအစဉ်အတိုင်း ဇွတ်အတင်းဖမ်းမယ်ဆိုလို့ရှိရင်တော့ တိုင်းသံဃာ့နာယကတွေကို ကျော်လွန်ပြီး လုပ်ရာရောက်တာပေါ့ဗျာ။ ပြောရမယ်ဆိုရင်တော့ တိုင်းသံဃာ့နာယကဆရာတော်တွေကို အသုံးချပြီး နိုင်ငံရေး အာဃာတနဲ့ နိုင်ငံရေးလုပ်သွားတယ်လို့ ပြောရမှာပေါ့နော့်။

 

မေး။    ။ဒီ ပုဒ်မ ၁၂၄ ရဲ့ပြစ်ဒဏ်က အနိမ့်ဆုံး သုံးနှစ်ကနေ ထောင်ဒဏ် တသက်ထိချနိုင်တယ်ဆိုတော့ ဒီပုဒ်မနဲ့စွဲဆိုထားတဲ့အပေါ် ဆရာတော် ဘာတွေပြင်ဆင်ထားလဲဘုရား။

ဖြေ။     ။ဘာမှပြင်ဆင်ဖို့မရှိပါဘူး ဒကာရယ်။ ဦးဇင်းတို့ကတော့ ရင်ဆိုင်ဖို့အသင့်ပါ။ ပြီးခဲ့တဲ့အကြိမ်တုန်းကလည်း ဝရမ်းငါးစောင်နဲ့ အားလုံးပေါင်း ၂၅ နှစ်ကျထားတာကို ၈ နှစ်နဲ့ ၃ လပဲနေခဲ့ရတာပေါ့နော်။ ခုခေါတ်ခုခါက အဲ့လောက်ကြီး မဆိုးတော့ဘူးဆိုတော့ တသက်တကျွန်းဆိုရင်ကို နှစ် ၂၀ ပဲရှိတာကိုး။ နှစ် ၂၀ ကျမယ့် အမြင့်ဆုံးပြစ်ဒဏ်တောင်မှ အရင်တခါနေရသလောက် မနေရလောက်တော့ဘူးပေါ့နော်။

 

 

မေး။    ။တင်ပါ့ဘုရား၊ တခြားရော ဘာမိန့်စရာရှိအုံးမလဲဘုရား။

ဖြေ။     ။ဦးဇင်းမိန့်စရာက ပြည်သူတွေရော၊ သံဃာတွေရော နှစ်ခုရှိတယ်ပေါ့နော်။ သံဃာတွေကတော့ စာသင်သားသံဃာတွေပေါ့ဗျာ၊ မနေ့ကလည်း ဦးဇင်းစာချရင်းနဲ့ ဩဝါဒပေးခဲ့ပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် မိမိပညာရေး မထိခိုက်စေနဲ့၊ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် မိမိသာသနာရေး မထိခိုက်စေနဲ့၊ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် မိမိတိုက်တာအရေးမထိခိုက်စေနဲ့လို့ ဩဝါဒပေးခဲ့တာပေါ့။ အဲဒီစာသင်သား သံဃာတော်တွေလည်း ဦးဇင်းဩဝါဒကို လိုက်နာစေချင်တာပေါ့နော်။ နောက်ပြည်သူလူထုကို ဦးဇင်းပြောချင်တာကတော့ ရန်သူဝမ်းသာအောင် မျက်ရည်မကျကြပါနဲ့လို့ ဒါလေးပဲပြောချင်တာပါ။

 

 

 

#voiceofmyanmar #ဦးဝီရသူ #မန္တလေး #မစိုးရိမ်တိုက်သစ်

Related posts

Leave a Comment

VOM News

FREE
VIEW