တီဟီရန်၊ ဇွန်-၂-၂၀၁၉
မျိုးဆက် (VOM)
အမေရိကန်ကသူရဲ့ လေးစားသမှုကိုပြသမှသာ အီရန်အနေ အမေရိကန်နဲ့ ဆွေနွေးပွဲကျင်းပနိုင်ဖွယ်ရှိတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောဆိုလိုက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေအတွက်တော့ ဖိအားပေးခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းခြင်းအတွက် အပြန်အလှန်အားဖြင့် အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြား ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကနေ အမေရိကန်နှုတ်ထွက်ပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့လကစလို့ နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
အမေရိကန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲမှာ လေးစားမှု အပြည့်ရှိပါက ဆွေးနွေးနိုင်မှာဖြစ်ပြီး ဒီလိုမဟုတ်ရင်တော့ ဆွေးနွေးဖို့အကြောင်းမရှိဘူးလို့ ရူဟာနီက ပြောပါတယ်။
အမေရိကန်ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့နှစ်က ပြန်လည်ချမှတ်ခဲ့ပြီး မေလအတွင်းကလည်း နောက်ထပ်အရေးယူပိတ်ဆို့မှုအဖြစ် အီရန် ရေနံတင်သွင်းမှုတွေကို ရပ်ဆိုင်းကြဖို့ နိုင်ငံအားလုံးကို အမိန့်ပေးထားပါတယ်။
အီရန်ဆီက ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့ဆိုပြီး အမေရိကန် အရှေ့အလယ်ပိုင်းကို တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်မယ်လို့ အမေရိကန်က ထုတ်ပြန်ခဲ့ပြီးနောက် မကြာသေးမီ သီတင်းပတ်တွေအတွင်း နှစ်နိုင်ငံအကြား စစ်ရေးထိပ်တိုက်တွေ့ဆုံမှု အရိပ်အယောင်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
Ref : Photo : Reuters
#voiceofmyanmar #အမေရိကန်ကလေးစားမှဆွေးနွေးပွဲတွေလုပ်မယ် #အီရန်သမ္မတပြော #တီဟီရန် #