ကျူးကျော်တွေ အများစုနေထိုင်တဲ့ နေရာတွေမှာ CCTV တွေတပ်ဆင်မယ်

ရန်ကုန် ၊ဇွန် ၅ – ၂၀၁၉

သိင်္ဂီ(VOM)

 

ကျူးကျော်တွေ နေထိုင်မှုများတဲ့ နေရာတွေဟာ မှုခင်းဖြစ်ပွားမှု ပိုများတာကြောင့် အဲ့ဒီနေရာတွေမှာ တရားခံတွေမျက်နှာကို မှတ်သားနိုင်တဲ့စနစ်ပါ   CCTV တွေ တပ်ဆင်သွားမယ်လို့ ဒီနေ့ ဇွန် ၅ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

 

အဲဒီရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းရဲ့လုံခြုံရေးအခြေအနေဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ တိုင်း နယ် /လုံ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက “လူနေထူထပ်တဲ့နေရာတွေနဲ့ ကျူးကျော်တွေ ပြွတ်သိပ်နေရာမျိုးတွေက မှုခင်းတွေ ပိုဖြစ်နိုင်တယ်။ ဒါကြောင့် ဒီနေရာတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်ရမယ်။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပညာပေးတာတွေ ဆောင်ရွက်ရမယ်။ လောလောဆယ် CCTV 240 တပ်မယ်၊ တပ်ဆင်တဲ့နေရာမှာ ချိတ်ဆက်ဖို့ ဖိုက်ဘာစက်ကြောင်းတွေ လိုတယ်၊ အဆင်မြင့်တဲ့ ကင်မရာလိုတယ်၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ တစ်ခုခုကြောင့်ဖြစ်ခဲ့ရင် မျက်နှာဖတ်တဲ့အဆင့်၊ တရားခံတွေကို ဘယ်လိုမှတ်သားတယ်ဆိုတဲ့ စနစ်တွေ ရှိဖို့လိုတယ်။ မဟုတ်ရင် ငါးပွက်ရာ ရေစက်ချသလို ထိရောက်မှာမဟုတ်ဘူး။”လို့ ဆိုပါတယ်။

 

ဒဂုံမြို့နယ်၊ တောင်ဒဂုံ အပါအဝင် ဒဂုံလေးမြို့နယ်၊ ရွှေပြည်သာ၊ အင်းစိန် ၊ လှိုင်သာယာမြို့နယ်တွေကို CCTV တွေတပ်ဆင်သွားမှာ ဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေဟာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့  ၃နှစ်တာ မှုခင်းဖြစ်ပွားမှု အခြေအနေ စာရင်းတွေအရ မှုခင်းအဖြစ်များတဲ့မြို့နယ်တွေဖြစ်ပြီး အဲ့ဒီနေရာတွေကို အဓိကရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

 

ကျန်တဲ့ ၃၃ မြို့နယ်တွေမှာလည်း တပ်ဆင်နိုင်ဖို့ စိစစ်လေ့လာသွားမှာဖြစ်သလို ရွှေတိဂုံဘုရားမှာလည်း cctv တွေ ထပ်မံတပ်ဆင်ဖို့ ဆာဗေးလုပ်ပြီးပြီလို့ သိရပါတယ်။

 

#voiceofmyanmar # ကျူးကျော်တွေအများစုနေထိုင်တဲ့နေရာတွေမှာCCTV တွေတပ်ဆင်မယ် #ရန်ကုန်  #လုံခြုံရေး

Related posts

Leave a Comment

VOM News

FREE
VIEW