ဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသားတွေထဲက တစ်ဦး ထောင်တွင်းမှာ သေဆုံး

မန္တလေး၊ ဇွန် ၅ -၂၀၁၉

နေလင်း (VOM)

 

မန္တလေးတိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အောင်သပြေရွာသားတွေထဲက ကိုထွန်ထွန်းဟာ ဒီနေ့မနက်ပိုင်းက  အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

 

“သေဆုံးတာကမှန်ပါတယ်။ ၃ရက်နေ့က ရောက်လာတယ်၊ ၄ ရက်ညနေသုံးနာရီမှာဆေးရုံတင်ရတယ်။ ဒီမနက်အစောကဆုံးသွားတယ်။ ဆုံးတဲ့အကြောင်းရင်းက အရက်ကြောင်တာပေါ့၊ အရက်မသောက်ရတော့ ကိုယ်ခံအား မကောင်းတော့ဘူး၊ ထောင်ဆရာဝန်ရဲ့မှတ်ချက်ကတော့ အဖျားကြီးခြင်းနဲ့ အရက်ကြောင်ဖြစ်တဲ့ရောဂါလို့ ပြထားတယ်။အခုအလောင်းကို မန္တလေးဆေးရုံကြီး မှုခင်းဌာနကိုပို့ထားတယ်။ အောင်မြေသာစံတရားရုံးမှာ သေမှုသေခင်းလည်းဖွင့်ထားတယ်။” လို့ အိုးဘိုထောင်ရဲ့တာဝန်ရှိအကြီးအကဲ တစ်ဦးက ပြောပါတယ်။

 

ထွန်းမြင့်ဝင်း (ခ) ထွန်းထွန်း( ၃၈နှစ်)ဟာ  အောင်သပြေရွာက (ဘ)ဦးသောင်းဟံ (အမိ)ဒေါ်အေးရဲ့သား ဖြစ်ပြီး အမေဖြစ်သူဒေါ်အေးကိုယ်တိုင်ဟာ လမ်းတံတားဥပဒေနဲ့ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။

 

“၂ ရက်နေ့က ရွာနောက်ဘက်မှာဆိုင်ဆောက်ဖို့ခေါ်လို့ တူတွေလွှတွေနဲ့ လက်သမားလုပ်ဖို့သွားတာ။ အဲ့မှာ အဖမ်းခံလိုက်ရတယ်။ အဓိက ကတော့ ဒေါ်အေးသားဖြစ်လို့ ဖမ်းတယ်လို့ ကျနော်တို့ယူဆတယ်။ သူကရွာခံမဟုတ်ဘူး၊ မိတ္ထီလာ ကနေလာတာ။ အရက်တော့သောက်တယ်ဆိုပေမယ့် သေလောက်အောင်ရောဂါတော့မရှိဘူး။ ဖမ်းသွားတုန်းကလည်း ကျန်းကျန်းမာမာကြီးပဲ။ပြီးတော့ အောင်သပြေကဖမ်းခံရတဲ့သူတွေ တချို့ရဲကနှိပ်စက်တာတွေရှိတယ်လို့လည်း အတွင်းစကားတွေကြားရတယ်။ ” လို့ အောင်သပြေရွာသားတစ်ဦးကပြောပါတယ်။

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေဟာ ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့တဲ့အတွက် အချို့ကိုပုဒ်မ အမျိုးမျိုးနဲ့ အမှုဖွင့်ထားရာမှာ ကိုထွန်းထွန်းလည်း ပါဝင်ခဲ့ပါတယ်။

 

အဲဒီ ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တာနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး လက်ရှိအချိန်အထိ အောင်သပြေဒေသခံ ၂၅ ဦးခန့်ဟာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ၊ လမ်းတံတားပုဒ်မအပါအ၀င် ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့် တရားစွဲဆိုခံထားရပါတယ်။

 

ဒီစီမံကိန်းကို ၂၀၁၂ ကတည်းက လျာထားခဲ့တာဖြစ်ပြီး ဒေသခံတွေကန့်ကွက်လို့ ရပ်ထားရာက ၂၀၁၅ ခုနှစ် အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာမှ တိုင်းအစိုးရက ဥပဒေနဲ့ညီတယ်ဆိုပြီးပြန်လည်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

 

ဒေသခံ​တွေက​တော့ ကန့်​ကွက်​မှုတွေ ဆက်​တိုက်​ဆိုသလို လုပ်​​ဆောင်​ခဲ့ကြပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာတွေအထိ လုပ်ဆောင်ခဲ့ကြပါတယ်။၂၀၁၈ခုနှစ်နောက်ပိုင်းမှာ ကန့်ကွက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်။ ​နောက်​ဆက်​တွဲအကျိုးဆက်​က​တော့ ​ဒေသခံ ၁၈ ဦး​လောက်​ ပုဒ်​မအမျိုးမျိးနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်​။

 

ဒါ့အပြင်​ ဒီလ ၁၄ ရက်​က​နေ ၁၇ ရက်​အတွင်း ရဲတပ်​ဖွဲ့ဘက်​က ရာဘာကျည်​ ပစ်​ခက်​မှု​တွေ၊ ​ဒေသခံဘက်​က ခဲပစ်​ခက်​မှု​တွေ၊ ကုမ္ပဏီပိုင်​ပစ္စည်း ဖျက်​စီးမှု​တွေနဲ့ ပဋိပက္ခ​တွေ ဖြစ်​ပွားခဲ့ပြီး အဲ့ဒီအတွက်​လည်း လက်​ရှိမှာ ၇ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

 

ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ ရွာစည်းရိုးနဲ့ ထိကပ်နေပြီး စက်ရုံပြီးလို့ လည်ပတ်မယ်ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန့်တွေကြောင့် သူတို့ရွာ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ရပ်ဆိုင်းပေးဖို့၊ ဖမ်းဆီးထားသူတွေကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်ထောင်စုအစိုးရက ကွင်းဆင်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

 

ဒေသခံတွေကန့်ကွက်နေတဲ့ အဲဒီဘိလပ်မြေစက်ရုံကို ဆက်လက်လုပ်ကိုင်ခွင့်ပြုတာဟာ ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကိုအရေးယူပေးဖို့ NLD ရုံးချုပ်ကိုလည်းတိုင်ကြားစာတွေပေးပို့ခဲ့တာမျိုး​တွေလည်းရှိခဲ့ပါတယ်​။

 

လက်​ရှိမှာ​ ​ကုမ္ပဏီနဲ့ အနီးတ၀ိုက်​မှာ ရဲအင်​အားအလုံအ​လောက်​နဲ့ လုံခြုံ​ရေးချထားဆဲပဲ ဖြစ်​တဲ့အတွက်​ ​ကျေးရွာ​နေပြည်​သူ​တွေဟာ တစုတစည်းတည်းမရှိရင်​ ဖမ်းဆီးခံရနိုင်​တာ​ကြောင့်​ ရွာအပြင်​ကို သိပ်​မထွက်​ကြဘူးလို့လည်း သိရပါတယ်။

 

 

 

#voiceofmyanmar #အောင်သပြေရွာသားတစ်ဦးထောင်တွင်းသေဆုံး #အောင်သပြေဘိလပ်မြေစက်ရုံ #ပုသိမ်ကြီး #မန္တလေး #​အောင်​သ​ပြေ

 

Related posts

Leave a Comment

VOM News

FREE
VIEW