တမူးမြို့ ပစ်ခတ်မှုတွေကို အရပ်ဖက်အဖွဲ့အစည်းတွေ ရှုတ်ချ

တမူး၊ ဇွန် – ၂၀ – ၂၀၁၉

သစ်တော် (VOM)

 

စစ်ကိုင်းတိုင်း တမူးမြို့မှာ သေနတ်ပစ်ခတ်မှုနဲ့ ဗုံးပေါက်​ကွဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယခွဲထွက် လက်နက်ကိုင်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြို့လူထုက ရှုတ်ချလိုက်ပါတယ်။

 

ဒီဘက်နှစ်ပိုင်းတွေအတွင်း တမူးမြို့မှာ မင်းမဲ့စရိုက်ဆန်တဲ့ သေနတ်ပစ်ခတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး အခုလ ၁၈ ရက်ညပိုင်းကလည်း မြို့လည်ခေါင်မှာပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး မနေ့ ဇွန် ၁၉ ရက်မှာတော့ တမူးမြို့က လူထုအဖွဲ့အစည်းငါးခုကနေ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တမူးမြို့ကူကီးစာပေနဲ့ ယဉ်ကျေးမှု နာယက ဦးထန်းဆေးကို မေးမြန်းခဲ့ရာမှာ “တမူးမှာ အရင်ဒီလိုအဖွဲ့အစည်းတွေ မရှိခင်က ငြိမ်းချမ်းမှုရှိပါတယ်။ ဒီလိုပေါက်ကွဲမှုမျိုးလဲအရင် နှစ် ၂၀ မတိုင်ခင်မှာ မဖြစ်ခဲ့ပါဘူး။ အခုနှစ်၂၀ နောက်ပိုင်း တမူးမြို့ထဲ သေနတ်နဲ့ပြစ်သတ်မှုတွေအပါအဝင် ဗုံးပေါက်ကွဲတာလည်း အကြိမ်ကြိမ်ဖြစ်နေပါတယ်။ ပြည်သူအားလုံး ဘာသာ၊ လူမျိုး၊ ပါတီ မခွဲခြားဘဲ ဒီအဖွဲ့အစည်းမျိုးမရှိအောင် အဖက်ဖက်က ပါဝင်ကူညီစေချင်တယ်။” လို့ ပြောပါတယ်။

 

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်က ကသည်းလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့ဟာ ၁၉၉၆ ခုနှစ်ကတည်းက  တမူးမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေမှာ အခြေချနေထိုင်ခဲ့ကြပြီး မကြာခဏဆိုသလို အဲဒီ အိန္ဒိယခွဲထွက် လက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုတွေရှိနေတာပါ။

 

ဒီပစ်ခတ်မှု၊ ဖောက်ခွဲမှုတွေကြောင့် ပတ်ဝန်းကျင်ကို လုံခြုံမှုကင်းမဲ့စေတာ၊ ဒေသခံပြည်သူလူထုတွေ ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ကြောက်ရွံ့အောင်၊ အထိတ်တလန့်ဖြစ်အောင် ပြုမူလုပ်ဆောင်ခဲ့တာ နှစ်ပေါင်း(၂၀)ကျော်ကြာမြင့်ခဲ့ပြီလို့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ ကသည်းလက်နက်ကိုင်တွေရဲ့လုပ်ဆောင်မှုတွေ၊ အကြမ်းဖက်မှုတွေကို လုံးဝ(လုံးဝ) ကန့်ကွက်ရှုတ်ချပါကြောင်း အစိုးရနဲ့ အများပြည်သူသိရှိစေဖို့ ထုတ်ပြန်တဲ့အကြောင်းလည်း ပါဝင်ပါတယ်။

 

ကသည်းလက်နက်ကိုင်ကိစ္စတွေနဲ့ပတ်သက်ပြီး တမူးမြို့အမျိုးသားလွှတ်တော် အမတ်ဦးမောင်မောင်လတ်က ၂၀၁၇ ခုနှစ် ဇူလိုင် ၃ရက် လွှတ်တော်အစည်းအဝေးမှာ  တင်ပြဆွေးနွေးခဲ့သလို ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းကလည်း ၂၀၁၈ ခုနှစ် အတွင်းမှာ ကသည်းလက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

 

#voiceofmyanmar # တမူးမြို့ ပစ်ခတ်မှုတွေကို အရပ်ဖက်အဖွဲ့အစည်းတွေ ရှုတ်ချ #အိန္ဒိယခွဲထွက် လက်နက်ကိုင် #ကသည်း #တမူး

Related posts

Leave a Comment

VOM News

FREE
VIEW